CNI International News

ခါတွမ်၊ ဩဂုတ် ၂၅

နှစ်ပေါင်း ၂၅ နှစ်အတွင်း နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာမှု၏ နောက်ဆုံး လက္ခဏာအဖြစ် ဆူဒန် နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သည် ဩဂုတ် ၂၄ ရက်တွင် ဆူဒန်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း အယ်လ်ဂျာဇီး ယား သတင်းဌာနက ရေးသားဖော်ပြသည်။

အမေရိကန်သည် ဆူဒန်အား အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီသည့် နိုင်ငံများစာရင်းမှ ဖယ်ရှားပေးပြီးနောက် ယခု သံအမတ်အဆင့် ပြန်လည်ထားရှိခြင်း ဖြစ်သည်။

သမ္မတဟောင်း အိုမာအယ်လ်ဘာရှား (Omar al-Bashir) အစိုးရလက်ထက်တွင် အမေရိကန်နှင့် ဆူဒန်တို့ အကြား ဆက်ဆံရေးတင်းမာခဲ့သည်။ သမ္မတဟောင်း ဘာရှား အာဏာရှိနေစဉ်အတွင်းမှာပင် အမေရိကန်သည် ခါတွမ်း အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့မှု များ ချမှတ်ခဲ့သည်။

သမ္မတဟောင်း အိုမာအယ်လ်ဘာရှား (AP)

အယ်လ်ကိုင်းဒါးကွန်ရက်ကို တည်ထောင်သူ အိုစမာဘင်လာဒင်သည် ဆူဒန်နိုင်ငံတွင် ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ် အတွင်း နေထိုင်ခဲ့ပြီး အမေရိကန်က ဆူဒန်အပေါ် အကြမ်းဖက်ဝါဒ အားပေးကူညီသည့် နိုင်ငံစာရင်းထဲသို့ ၁၉၉၃ ခုနှစ်တွင် ထည့်သွင်းခဲ့သည်။

“အခုလို ဆူဒန်ကို ရောက်လာရတာ ဝမ်းသာပါတယ်။ အမေရိကန်နှင့်ဆူဒန်အကြား ဆက်ဆံရေးကို ထဲထဲဝင်ဝင် ဖြစ်အောင် လုပ်ဖို့နဲ့ ဆူဒန်ပြည်တွေရဲ့ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လိုလားချက်တွေကို ပံ့ပိုးဖို့ မျှော်မှန်းထားပါတယ်” ဟု အမေရိကန်သံအမတ်အသစ် ဂျွန်ဂေါ့ဖရေး (John Godfrey) က ဩဂုတ် ၂၄ ရက်တွင် တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။

ဂျွန်ဂေါ့ဖ‌ရေးသည် ငြိမ်းချမ်းမှုနှင့်လုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတက်မှုနှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့နှင့် သက်ဆိုင်သည့် ဦးစားပေးကဏ္ဍများကို မြှင့်တင်သွားနိုင်ရန် မျှော်မှန်းပါကြောင်း အမေရိကန်သံရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဆူဒန်စစ်တပ်အကြီးအကဲ အေဘယ်ဖာတာအယ်လ်ဘာဟန် (AP)

ဆူဒန်ပြည်တွင်း၌ မငြိမ်သက်မှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေပြီး စီးပွားရေး အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်နေချိန် ဂေါ့ဖရေး ရောက်ရှိလာခြင်း ဖြစ်သည်။

ဆူဒန်တွင် စစ်တပ်အကြီးအကဲ အေဘယ်ဖာတာအယ်လ်ဘာဟန် (Abdel Fattah al-Burhan) အာဏာသိမ်းခဲ့ပြီး နောက် အပြင်းအထန် ဒုက္ခရောက်ခဲ့ရသည်။

ယခင် သမ္မတဟောင်း ဘာရှားအစိုးရကို ဖယ်ရှားပြီး ဝန်ကြီးချုပ်ဟောင်း အဗ္ဗဒူလာဟမ်းဒေါ့ (Abdalla Hamdok) ဦးဆောင်သည့် အသွင်ကူးပြောင်းရေး အစိုးရလက်ထက်တွင် ဝါရှင်တန်နှင့်ခါတွမ်းတို့ ဆက်ဆံရေးမှာ ပြေလျော့ လာခဲ့သည်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် သမ္မတ ဘာရှား ရာထူးမှ ပြုတ်ကျခဲ့ပြီးနောက် ဟမ်းဒေါ့က ဝန်ကြီးချုပ်အဖြစ် အာဏာရလာခဲ့သည်။

Source: Aljazeera