CNI International News

ဘန်ကောက်၊ ဩဂုတ် ၂၅

၂၀၁၄ ခုနှစ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာအနေဖြင့် တိုင်းပြည်၏ ဝန်ကြီး ရာထူး သက်တမ်းကန့်သတ်ချက် ဖောက်ဖျက်ခြင်း ရှိ/မရှိ တရားရုံးက စစ်ဆေးစီရင်နေစဉ်အတွင်း ၎င်း၏ ရာထူး တာဝန်ကို ဆိုင်းငံ့ထားကြောင်း အေပီက ရေးသားထားသည်။

ထို့နောက် ဩဂုတ် ၂၅ ရက်တွင် ယာယီဝန်ကြီးချုပ်တစ်ဦးနှင့် ပထမဆုံးအစိုးရအဖွဲ့(ကက်ဘိနက်)အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးသည် နိုင်ငံရေးအခင်းအကျင်းများစွာအတွင်း အစိုးရ၏မျက်နှာသာပေးမှု အပေါ် မူတည်၍ စဉ်းစားဆုံးဖြတ်လေ့ရှိသဖြင့် ယခု ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာကို ရာထူးမှ ဖယ်ရှားခြင်းမှာ ယာယီဖြစ်ဖွယ်ရှိသည်ဟု အေပီသတင်းဌာနက ဆက်လက်ရေးသားသည်။

အစိုးရကို ဆန့်ကျင်ဆန္ဒပြသူများက တော်လှန်ရေးသင်္ကတတစ်ခုဖြစ်သည့် လက်သုံးချောင်းထောင်ကာ ဆန္ဒထုတ်ဖော်နေကြစဉ်(ဓါတ်ပုံ- အေပီ)

တရားရုံး၏စီရင်စစ်ဆေးမှုမှာ ဘဏ္ဍာရေးဆိုင်ရာဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာသည်အထိ ဆိုင်းငံ့ထားမည့် အလားအလာရှိကြောင်း ဝန်ကြီးချုပ်ရုံးမှ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ တီပနန်စရီချနာ (Tipanan Sirichana) က ပြောကြားခဲ့သည်။

ထိုင်းအစိုးရအဖွဲ့၏ ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင်စူဝမ်က ယခုအခါ ယာယီဝန်ကြီးချုပ်တာဝန်ကို ရယူထားပြီး အစိုးရအဖွဲ့အစည်းအဝေးများကို ခေါ်ယူနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်း၍ ထိုစဉ်က ဝန်ကြီးချုပ်သက်ဆင်ရှင်နာဝပ်ကို ဖြုတ်ချပြီး နောက်ပိုင်း နိုင်ငံရေးမငြိမ်သက်မှုများ၊ ထပ်တလဲလဲ အုံကြွမှုများကြောင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်နေခဲ့သည်။

ထိုအချိန်မှစ၍ ဘုရင့်ထီးနန်းအစဉ်အလာဖြင့် အာဏာဖွဲ့စည်းပုံကို ခြိမ်းခြောက်ခဲ့သူ ဆက်သွယ်ရေးလုပ်ငန်းပိုင်ရှင် ဘီလီယံနာတစ်ဦးဖြစ်သည့် သက်ဆင်သည် ထိုင်းနိုင်ငံရေး၏ဗဟိုချက်တွင် ဆက်လက်တည်ရှိနေခဲ့သည်။

သက်ဆင်ထောက်ခံသူများနှင့် အတိုက်အခံများက ရွေးကောက်ပွဲ မဲပုံးဘေးတွင်ရော လမ်းမများပေါ်တွင်ပါ သက်ဆင် ပြန်လည်အာဏာရရေး တိုက်ပွဲဝင်ခဲ့ကြရာ တခါတရံ ပြင်းထန်သည့်ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

 သြဂုတ် ၂၄ ရက်(ဗုဒ္ဓဟူးနေ့)တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော် အပြင်ဘက်၌ အဓိကရုဏ်း နှိမ်နင်းရေး ရဲများ စောင့်ကြပ်လျက်ရှိစဉ်(ဓါတ်ပုံ-အေပီ)

၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုတွင်တော့ သက်ဆင်၏ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်းလပ်မှာ ဖြုတ်ချ ခံခဲ့ရသည်။

မျက်မှောက်ကာလတွင် ဗိုလ်ချုပ်ကြီးပရာယွတ်သည် တရားရုံး၏အဆုံးအဖြတ်ကို လေးစားသွားမည်ဖြစ်ပြီး အခြားသူများကိုလည်း အလားတူလေးစားကြရန် တိုက်တွန်းပါကြောင်း ပြောရေးဆိုခွင့်ရှိသူ အနူချာဘူရာပါ ချိုင်စရီက ပြောကြားခဲ့သည်။

သို့သော် ပရာယွတ်ကို မလိုလားသူများကတော့ ပရာယွတ်နှင့်ရင်းနှီးသူ နိုင်ငံရေးမဟာမိတ် ပရာဝစ်ဝေါင်စူဝမ်က ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူမည့်အရေးကို နှစ်မြို့ခြင်းမရှိပေ။ ၎င်းတို့နှစ်ဦးစလုံးသည် ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုတွင် ပါဝင်ခဲ့ကြသော စစ်တပ်၏တူညီသည့်အစိတ်အပိုင်းလည်းဖြစ်သည်။

Source: AP