CNI International News

လန်ဒန်၊ဇန်နဝါရီ ၃၁

ရုရှားသမ္မတပူတင်သည် ယူကရိန်းကျူးကျော်စစ်ကို ရှောင်လွဲရန် ဆွေးနွေးမှုများအပေါ် အလေးအနက် မရှိခဲ့ ကြောင်းနှင့် ၎င်းကိုပင် ဒုံးကျည်ဖြင့် အလွယ်တကူ ပစ်သတ်နိုင်သည်ဟု ပြောခဲ့ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဟောင်း ဘောရစ်ဂျွန်ဆင် (Boris Johnson) က ပြောသည်။

သို့သော် ထိုပြောကြားချက်ကို ရုရှားဘက်က ငြင်းသည်။

တနင်္လာနေ့က ထုတ်လွှင့်ခဲ့သော documentary တစ်ခုတွင် ဂျွန်ဆင်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၎င်းသည် ပူတင်ကို ဖုန်းခေါ်ကာ စစ်မဖြစ်စေရန် ပြောဆိုစည်းရုံးခဲ့သည်ဟု ပြောသည်။

ကျူးကျော်စစ်ပွဲ ဆင်နွဲလျှင် သက်ရောက်မှု ကြီးမားလိမ့်မည်ဟုလည်း သတိပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ပူတင်ဘက်က အေးအေးဆေးဆေး ပြန်လည်ပြောဆိုခဲ့ကြောင်း၊ ပူတင်သည် ၎င်းနှင့်စေ့စပ် ညှိနှိုင်းမှုလုပ်ဆောင် ရန် သူ၏ကြိုးပမ်းမှုအား ကစားခဲ့သည်ဟု ဂျွန်ဆင်က ဘီဘီစီ၏ ရုပ်သံစီးရီး Putin vs the West တွင် ပြောခဲ့သည်။

“ဘောရစ်၊ မင်းကို မထိခိုက်စေချင်ပါဘူး။ ဒါပေမယ့် ဒုံးကျည်နှင့်ပစ်လျှင် တစ်မိနစ်သာကြာမည် သို့မဟုတ် ထိုကဲ့ သို့ တစ်ခုခုကို ပြောခဲ့သည်”ဟု ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်က ပြောသည်။

ဗြိတိန်ဝန်ကြီးချုပ် ဟောင်း ဘောရစ်ဂျွန်ဆင်နဲ့ ပူတင်ကိုတွေ့ရစဉ်(GETTY IMAGES)

အပိုင်းသုံးပိုင်ပါ စီးရီးတွင် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သော ဒါရိုက်တာ နော်မာ ပါစီ (Norma Percy) က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားကျူးကျော်စစ် မတိုင်ခင် အနောက်အုပ်စု ခေါင်းဆောင်များက ရုရှားသမ္မတနှင့် မည်သို့ ပြောဆိုခဲ့သည်ကို ဖော်ပြထားသည်။

ပူတင်သည် ဂျွန်ဆင်ကို တိုက်ရိုက် ခြိမ်းခြောက်ခဲ့သည်ဟု မထင်ကြောင်း သို့သော် ၎င်းလုပ်နိုင်သည်ကို သတိပေး ခြင်းသာ ဖြစ်နိုင်ကြောင်းလည်း documentary ကို ဖန်တီးသူက ပြောသည်။

ဂျွန်ဆင်၏ ပြောဆိုမှုသည် မှားကြောင်း၊ ထိုပြောကြားချက်သည် အလိမ်အညာ တစ်ခုသာဖြစ်ကြောင်း ရုရှားအစိုးရ ဘက်က ငြင်းဆိုသည်။

ဂျွန်ဆင် အနေဖြင့် လိမ်ညာခဲ့ကြောင်း သို့မဟုတ် ပူတင်၏ ပြောစကားကို အဓိပ္ပါယ် ကောက်လွဲခြင်း ဖြစ်နိုင် ကြောင်းလည်း ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပတ်စ်ကော့ဗ် (Dmitry Peskov)က ပြောသည်။

ဒုံးကျည်နှင့် ခြိမ်းခြောက်မှု မရှိကြောင်း၊ ရုရှား၏ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ပတ်သက်၍ ပြောဆိုရာတွင် သမ္မတပူတင်က ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့တွင်းသို့ ဝင်လျှင် ရုရှားနယ်စပ်အနီး အမေရိကန် သို့မဟုတ် နေတိုးအဖွဲ့၏ ဒုံးကျည်များ တပ်ဆင်မှု ရှိလာနိုင်ကြောင်း၊ ထို့ကြောင့် ဒုံးကျည်များသည် မော်စကိုမြို့သို့ တစ်မိနစ် အတွင်း ရောက်လာနိုင်သည်ဟု ပြောခဲ့ကြောင်း ပတ်စ်ကော့ဗ်က သတင်းထောက်များကို ရှင်းလင်းခဲ့သည်။

Source: AP