CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၃၀

ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က ထိုင်းပြည်သူများ၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ကြွေးမြီများ ပြန်လည်ပေးဆပ်မှုတွင် ကူညီပေးရန်အတွက် ထောက်ပံ့ကြေးများ ထုတ်ပေးသွားမည်ဟု စက်တင်ဘာ ၂၉ ရက်က ကြေညာခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

အနူတင်သည် အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေး အင်အားအကြီးဆုံးဖြစ်သည့် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ပြန်လည် အသက်သွင်းရန် ချက်ချင်းလုပ်ဆောင်မည့် အစီအစဉ်များအား အဓိကထားပြီး လွှတ်တော်တွင် ကြေညာ ခဲ့ခြင်းဖြစ်သည်။

အနူတင်၏ မူဝါဒများအနက် စားဝတ်နေရေး ကုန်ကျစရိတ်များ လျှော့ချရေး၊ အိမ်ထောင်စု ကြွေးမြီပြဿနများကို ဖြေရှင်းရေး၊ ပြည်တွင်း ခရီးသွားလာရေး လုပ်ငန်းကို ပြန်လည်လှုံ့ဆော်ရေး၊ အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့် မှုများ အပါအဝင် စီးပွားရေး လှုံ့ဆော်ရေး အစီအစဉ်များကို အလေးထား ဖော်ပြခဲ့သည်။

ထိုင်းဝန်ကြီးချုပ် အနူတင်နဲ့ ဝန်ကြီးချုပ်ဟောင်း ပရာယွတ် ချန်အိုချာကို တွေ့ရစဉ် 

"ကျနော်တို့ အစိုးရအဖွဲ့မှာက အချိန် အကန့်အသတ် ရှိပါတယ်။ ပြီးတော့ ဒီဘတ်ဂျက်ကလည်း အရင်အစိုးရက ပြင်ဆင်သွားတာ ဖြစ်ပါတယ်။ ကျနော်တို့ အစိုးရအဖွဲ့ဟာ လူနည်းစု ဖြစ်တာကြောင့် နိုင်ငံက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ချက်ချင်း ဖြေရှင်းရပါမယ်" ဟု အနူတင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

စီးပွားရေး အစီအစဉ်များအနက် အစိုးရသည် ထိုင်းပြည်သူများကို ဘတ် ၁၀၀,၀၀၀ ထက်မပိုသည့် ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်ပြီး အသေးစား စီးပွားရေး လုပ်ငန်းများအတွက် ဘတ် ၁ သန်းအထိ ချေးငွေထုတ်ပေးမည်ဟု အနူတင်က ပြောသည်။

စက်တင်ဘာ ၂၆ ရက်ကလည်း ထိုင်းအစိုးရသည် ပြည်သူများအတွက် ကုန်ကျစရိတ်ကို ထက်ဝက်ကျခံပေးမည့် ဘတ် ၄၇ ဘီလျံ တန်ဖိုးရှိ အစီအစဉ်များကို ကြေညာခဲ့သည်။

အနူတင်၏ ဘူဂျထိုင်းပါတီသည် ယခုလ အစောပိုင်းကတည်းက ထိုင်းနိုင်ငံတွင် ပစ္စည်းများကို ဝယ်ယူမည်ဆိုပါက ပစ္စည်းတန်ဖိုး၏ ထက်ဝက် (၅၀ ရာခိုင်နှုန်း)ကို အစိုးရက စိုက်ပေးမည့် အစီအစဉ်အား ပြန်လည် ကျင့်သုံးသွားမည် ဟု  အတည်ပြုခဲ့သည်။

“half-half” co-payment scheme ဟု လူသိများသည့် ထိုအစီအစဉ်ကို ဝန်ကြီးချုပ်ဟောင်း ပရာယွတ် ချန်အိုချာ (Prayut Chan O cha) လက်ထက် ၂၀၂၀ ပြည့်နှစ်က ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးမူဝါဒရုံးတို့က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် အနူတင်ကို တွေ့ရစဉ်

“half-half” co-payment scheme အရ အစိုးရသည် အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံသားများအတွက် အစားအစာ၊ အချိုရည်နှင့် အခြေခံ ကုန်ပစ္စည်းများကဲ့သို့ နေ့စဉ်မရှိမဖြစ် လိုအပ်သည့် ကုန်စည်များ ဝယ်ယူရာတွင် ၅၀ ရာခိုင်နှုန်းကို စိုက်ပေးမည်ဖြစ်သည်။

သို့သော် တစ်နေ့လျှင် လူတစ်ယောက်စီအတွက် သတ်မှတ်ထားသည့် နှုန်းထားမှာ ဘတ် ၁၅၀ ဖြစ်သည်။ 

ဥပမာ အနေဖြင့် လူတစ်ဦးသည် တစ်ရက်စာအတွက် ဘတ် ၃၀၀ ဖိုး ဝယ်ယူမည်ဆိုပါက အစိုးရက ဘတ် ၁၅၀ စိုက်ပေးမည်ဖြစ်သည်။

အစိုးရက တစ်ရက်စာအတွက် စိုက်ပေးရန် သတ်မှတ်ထားသည့် ဘတ် ၁၅၀ ဖိုး ပြည့်သွားချိန်တွင် နောက်ထပ် ကုန်ပစ္စည်းများကို ဝယ်ယူမည်ဆိုပါက ကိုယ့်ဘာသာ ငွေရှင်းရမည်ဖြစ်သည်။

အနူတင်၏ ကြားဖြတ်အစိုးရအဖွဲ့သည် လာမည့်နှစ် ဇန်နဝါရီလကုန်ပိုင်းတွင် လွှတ်တော်ကို ဖျက်သိမ်းပြီး မတ်လ သို့မဟုတ် ဧပြီလ၌ ရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။

လက်ရှိတွင် ထိုရွေးကောက်ပွဲ၌ အနိုင်ရရှိရန် လူထုထောက်ခံမှုနှုန်း အများဆုံး ရရှိနေသည့် ပါတီသည် ပြည်သူ့ပါတီဖြစ်ပြီး ဘူဂျထိုင်းပါတီက ဒုတိယနေရာ၌ ရပ်တည်နေသည်။

Source: Nikkei Asia