CNI International News
တမီးလ်နာဒူး ၊ စက်တင်ဘာ ၃၀
အိန္ဒိယနိုင်ငံမှ တမီးလ်သရုပ်ဆောင် မင်းသား ဗီဂျေး(Vijay)၏ ပါတီကို နိုင်ငံရေးမဲဆွယ်ပွဲတွင် လူသေဆုံးခဲ့မှု ကြောင့် အစိုးရက တရားစွဲဆိုထားကြောင်း DW မှ ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် စက်တင်ဘာ ၂၇ ရက်က တမီးလ်သရုပ်ဆောင် ဗီဂျေး(Vijay)၏ မဲဆွယ်ပွဲ၌ လူအုပ် ကသောင်းကနင်း ဖြစ်ပွားပြီး လူ ၃၉ ဦးထက်မနည်း သေဆုံးကာ ၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
တမီးလ်နာဒူးပြည်နယ် ကာရူရာမြို့တွင် သရုပ်ဆောင်အဖြစ်မှ နိုင်ငံရေး လောကအတွင်းသို့ ကူးပြောင်းခဲ့သည့် ဗီဂျေးက ၎င်း၏ Tamilaga Vettri Kazhagam (TVK) ပါတီအတွက် မဲဆွယ်ပွဲ ပြုလုပ်ချိန်၌ ထိုဖြစ်စဉ် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများထဲတွင် ၈ ဦးထက် မနည်းသည် ကလေးများဖြစ်ကြောင်း ဒေသခံမီဒီယာ၌ ဖော်ပြထားသည်။
မဲဆွယ်ဟောပြောနေတဲ့ မင်းသား ဗီဂျေးကိုတွေ့ရစဉ်
ရဲတပ်ဖွဲ့က TVK ပါတီခေါင်းဆောင် ဘူဆီအာနန့်(Bussy Anand)၊ နီရာမယ်ကူးမား (Nirmal Kumar)နှင့် ဗီပီ မာသီရာလာဂန်(V.P. Mathiyalagan)တို့ကို အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း အာဏာပိုင်များမှ စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
လူ ၃၀,၀၀၀ ခန့်သည် ဗီဂျေး မိန့်ခွန်းပြောမည့် အချိန်ကို စောင့်ဆိုင်းနေစဉ် လူအုပ် ကသောင်းကနင်း စတင် ဖြစ်ပွားခဲ့သည်။
သတင်းများတွင် ဗီဂျေးသည် နာရီပေါင်းများစွာ နောက်ကျပြီးမှ ရောက်လာခဲ့သည့်အတွက် လူအုပ်ကို ကသောင်းကနင်း ဖြစ်စေခဲ့သည်ဟု ဖော်ပြထားသည်။
လူအုပ်ထဲမှ အချို့မှာ ဗီဂျေး၏ မော်တော်ယာဉ်ဆီသို့ အလျင်အမြန် ရောက်ရှိရန် ကြိုးပမ်းသောကြောင့် လူအုပ်ပိမိမှုနှင့် ဖရိုဖရဲ ဖြစ်ခဲ့သည်ဟု မျက်မြင် တွေ့ရှိသူများက ဆိုသည်။
တမီးလ်ရုပ်ရှင် နယ်ပယ်၏ နှစ်ပေါင်း ၃၀ ကြာ ထိပ်တန်းမင်းသားဖြစ်သည့် ဗီဂျေးက ထိုဖြစ်ရပ်ကြောင့် စိတ်ထိခိုက် ကြေကွဲရကြောင်း၊ ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူ စိတ်မကောင်းဖြစ်မိကြောင်း လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။
တမီးလ်နာဒူးပြည်နယ် ဝန်ကြီးချုပ် အမ်ကေ စတာလင်(M.K. Stalin)က အငြိမ်းစား တရားသူကြီး တစ်ဦး ဦးဆောင်သည့် ကော်မရှင်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန်နှင့် နစ်နာသူ မိသားစုဝင် တစ်ဦးချင်းစီကို နစ်နာကြေး ရူပီးတစ်သန်း(ဒေါ်လာ ၁၁,၂၀၀)ပေးမည်ဟု ကြေညာခဲ့သည်။
ဝန်ကြီးချုပ် မိုဒီက ထိုဖြစ်ရပ်ကို အလွန်စိတ်မကောင်း ဖြစ်မိကြောင်းနှင့် စိတ်ထိခိုက် ကြေကွဲရကြောင်း လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။
Source: DW