CNI International News
ဘာလင်၊ ဖေဖော်ဝါရီ ၂၂
ဂျာမနီနိုင်ငံတွင် ရွေးကောက်ပွဲများပြုလုပ်ရန် သုံးရက်သာ လိုတော့ချိန်၌ မဲဆန္ဒရှင်များက နိုင်ငံရေးပါတီများ၏ မူဝါဒများကို နားစွင့်နေကြသည်ဟု DW သတင်းမှ ဖော်ပြခဲ့သည်။
ဂျာမနီဝန်ကြီးချုပ် နေရာအတွက် ကိုယ်စားလှယ်လောင်းများဖြစ်သည့် FDP ပါတီမှ ခရစ္စတီယန် လင်နာ (Christian Lindne) ၊ AFD ပါတီမှ အလိုက်စ် ဝိုင်ဒယ် (Alice Weidel) ၊ BSW ပါတီမှ ဆာရာ ဝါဂန်နက်ချ် (Sahra Wagenknecht) နှင့် Left Party မှ ဂျန်ဗန်အကန် (Jan van Aken) တို့သည် ဖေဖော်ဝါရီ ၂၀ ရက်က Christian Democratic Union CDU ပါတီ၊ Christian Social Union CSU ပါတီ၊ Social Democrats SPD ပါတီနှင့် Green Party ပါတီတို့မှ ထိပ်သီးအရာရှိများနှင့်အတူ ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
Green ပါတီ ကိုယ်စားပြုသည့် ဂျာမနီ၏ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘေယာဘော့သည် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း ရောဘတ် ဟာဘက် (Robert Habeck) ထက်ပိုပြီး စကားစစ်ထိုးမှုများ ပြုလုပ်ခဲ့သည်။
စကားစစ်ထိုးပွဲလုပ်နေစဉ်
နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲဟု ခေါင်းစဉ်တပ်ထားသည့် အဆိုပါ စကားစစ်ထိုးပွဲကို ရုပ်သံမှ ထုတ်လွှင့် ပြသခဲ့ပြီး ပါဝင်ဆွေးနွေးသူများသည် ယူကရိန်း-ရုရှား စစ်ပွဲ၊ နေတိုးအဖွဲ့၊ စစ်မှုထမ်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ မူဝါဒများ အကြောင်းကို အဓိကထား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ယူကရိန်းနှင့် နေတိုး မဟာမိတ်အဖွဲ့အပေါ် ထားရှိသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သဘောထားကိုလည်း ဆွေးနွေးခဲ့ကြသည်။
လက်ရှိအချိန်အထိ လက်ယာယိမ်း အတိုက်အခံပါတီများက စစ်တမ်းများတွင် ဦးဆောင်နေပြီး CDU က ထောက်ခံ မှုနှုန်း ၃၀ ရာခိုင်နှုန်း၊ AFD ပါတီက ၂၀ ရာခိုင်နှုန်း ရရှိထားသည်။
လက်ရှိ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ် (Olaf Scholz) ၏ ဗဟိုလက်ဝဲယိမ်း SPD ပါတီက ၁၅ ရာခိုင်နှုန်းနှင့် တတိယနေရာ၊ Green ပါတီက ၁၃ ရာခိုင်နှုန်းနှင့် စတုတ္ထနေရာများတွင် ရပ်တည်နေသည်။
Source: DW