CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၈
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုရှားအတွက် ပါဝင်ကစားခွင့်ရဖို့ အခွင့်အရေး က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ မက်လုံးတစ်ခု ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ်(UEFA)တို့ဟာ ရုရှားလက်ရွေးစင် အသင်းတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့တာပါ။
အဲဒါကြောင့် ရုရှားအမျိုးသားဘောလုံးအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ယူရို ၂၀၂၄ ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။
ဒါအပြင် အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ခြေစစ်ပွဲတွေမှာလည်း ပါဝင်ခွင့်မရခဲ့တာပါ။
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ အုပ်ချုပ်မှုအဖွဲ့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ အလုပ်အဖွဲ့အစည်းအဝေးမှာ ဒေါ်နယ်ထရမ့်က ရုရှားကို ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာကို သူသတိမထားမိဘူးလို့ ပြောခဲ့ပါတယ်။
ရုရှားအသင်းကို တွေ့ရစဉ်
အင်ဖန်တီနိုက ရုရှားကို ပိတ်ပင်ထားပေမယ့် ငြိမ်းချမ်းရေးသာ ရလာခဲ့ရင် ပါဝင်ခွင့်ရနိုင်တယ်လို့ ပြောခဲ့တာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က “ဒါက ဖြစ်နိုင်သလို မက်လုံးကောင်းတစ်ခုလည်း ဖြစ်နိုင်တယ်မဟုတ်လား။ စစ်ပွဲကို ရပ်တန့်စေချင်ပါတယ်။ တစ်ပတ်ကို လူငယ် ၅,၀၀၀ လောက် အသတ်ခံနေရပြီး ဒါက မယုံနိုင်စရာပါပဲ။ စစ်ပွဲကို ရပ်တန့်ချင်တယ်”လို့ ပြောခဲ့ပါတယ်။
ဒါအပြင် ဒေါ်နယ်ထရမ့်က ရုရှားကို ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဖီဖာကသာ ချမှတ်မှာ ဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။
ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုဟာ ပြီးခဲ့တဲ့ UEFA ကွန်ဂရက်မှာ အရာအားလုံး အဆင်ပြေရင် ရုရှားကို ဘောလုံး အခင်းအကျင်းထဲ ပြန်လည် ခေါ်ချင်တယ်လို့ ပြောထားတာပါ။
UEFA အကြီးအကဲ ဆယ်ဖာရင်ကလည်း စစ်ပွဲတွေ ရပ်တန့်သွားတဲ့ အချိန်မှာ ရုရှားကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမယ်လို့ အတည်ပြုခဲ့ပါတယ်။
ရုရှားဟာ ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရပေမယ့် ခြေစမ်းပွဲတွေ ကစားထားပြီး နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲစလုံး ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: BBC