CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆

ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကြိုတင် ဆွေးနွေးမှုများပြုလုပ်ပြီး သဘောတူညီမှုများ ရရှိထားကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် မှတ်ပုံတင် ခွင့်ပြုထားသည့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှ ၆ ရက်အထိ နေပြည်တော်မှာ ကျင်းပခဲ့ကြသည်။

ဖက်ဒရယ်နှင့် ဒီမိုကရေစီကို ဦးတည်သော ပြုပြင်ပြောင်းလဲမှုများအား သဘောတူညီမှု ရရှိထားကြောင်း၊ ရွေးကောက်ပွဲ မတိုင်ခင် ကြိုတင်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထားသောကြောင့် လာမည့် ရွေးကောက်ပွဲသည် ယခင်ရွေးကောက်ပွဲများနှင့် မတူကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ အခုတစ်ကြိမ်မှ ဒါဆွေးနွေးတာ မဟုတ်ပါဘူး၊ အရင်ဆွေးနွေးတဲ့ ဆွေးနွေးပွဲမှာကတည်းက သဘောထား စုစည်းချက်တွေ ပြုစုထားတာရှိပါတယ်။ အဲတော့ အဲထဲမှာ သဘောထားတူညီတဲ့ အချက်တွေ၊ မူအားဖြင့် တူညီပြီးတော့ အသေးစိတ် ဆွေးနွေးရမယ့် အချက်တွေ နောက်ပြီးတော့ ထပ်မံဆွေးနွေးရမယ့် အချက် တွေဆိုပြီးတော့ ကျနော်တို့ အစုတွေ ခွဲထားတာရှိပါတယ်။ အသေးစိတ်ကိုတော့ ကျနော်တို့ ပြောလို့မရသေး ပေမယ့်လို့ ဖက်ဒရယ်ကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကျနော်တို့ သဘောတူညီမှု ရထားတာ ရှိပါတယ်၊ နောက်တစ်ခါ ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ၊ ပြီးတော့ အပြန်အလှန် စစ်ဆေး ထိန်းကျောင်းမှုဆိုင်ရာ လိုအပ်ချက်တွေ၊ အဲတာတွေနဲ့ ပတ်သက်လို့ ကျနော်တို့ သဘောတူညီ ထားတာတွေ ရှိပါတယ်။ သို့သော် တရားဝင်ဖွဲ့စည်းပုံ ပြင်ဆင်တယ်ဆိုတာကတော့ လွှတ်တော်ပေါ်လာပြီးမှ လွှတ်တော်မှာ ပြင်ဆင်ရမှာပေါ့။ အဲတော့ ကျနော်တို့ အခုဆွေးနွေးနေတာတွေက အရင့်အရင် ရွေးကောက်ပွဲတွေမှာက ကြိုတင်ဆွေးနွေးညှိနှိုင်းမှု ဘာမှမရှိဘဲနဲ့ ရွေးကောက်ပွဲဝင်သွားကြတယ်၊ အဲတော့ ပြီးတဲ့အခါကျတော့ လွှတ်တော်ထဲရောက်ပြီးမှ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ထိပ်တိုက်ဖြစ်မှုတွေ ကျနော်တို့ ကြုံတွေ့ခဲ့ရတယ်။ ဒါကြောင့်မို့လို့ အခုတစ်ခေါက်ကတော့ လာမယ့်ရွေးကောက်ပွဲဟာ အရင့်အရင် ရွေးကောက်ပွဲတွေနဲ့ မတူဘဲနဲ့ ရွေးကောက်ပွဲ မတိုင်ခင်မှာကတည်းက ကြိုတင်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ပြီး သဘောတူညီမှု တချို့ကို ကျနော်တို့ ရရှိထားပြီးတော့မှ လွှတ်တော်၊ ရွေးကောက်ပွဲကို သွားတာက ပွတ်တိုက်မှုနည်းနည်းနဲ့ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲ မှုတွေဖြစ်မယ်” ဟု ပြောသည်။

NSPNC နှင့် နိုင်ငံရေးပါတီများကို တွေ့ရစဥ်

ထိုဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ် ယူဆရသည့် ပြဋ္ဌာန်း ချက်များအပေါ် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးမှု အခြေအနေများ၊ NCA ကို အခြေခံသည့် ငြိမ်းချမ်းရေး လုပ်ငန်း စဥ် ဖော်ဆောင်မှု အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ လွတ်လပ်ပြီး တရား မျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား လည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အကြံဉာဏ်များ၊ ဝေဖန်သုံးသပ် ချက်များအား ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ဒီနိုင်ငံရေးပါတီတွေ အနေနဲ့ ဘယ်လို ပြင်ဆင်သင့်သလဲ၊ သို့မဟုတ် ရွေးကောက်ပွဲပေါ်မှာ ကျနော်တို့က ဘယ်လို ရပ်တည်သင့်သလဲ၊ နောက်ပြီးတော့ ဒီရွေးကောက်ပွဲ ဖြစ်လာခဲ့ရင် ကျနော်တို့က ဘယ်လိုပုံစံမျိုးနဲ့ ရွေးကောက်ပွဲကို ကျင်းပရင်ကောင်းမလဲ မဲပေးတဲ့ စနစ်တွေ အပါအဝင်ပေါ့နော်၊ ရွေးကောက်ပွဲ အခင်းအကျင်းကြီး တစ်ခုလုံးကို ကျနော်တို့က ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတဲ့ အဲဒီအကြံဉာဏ်တွေ၊ ဝေဖန်သုံးသပ်ချက်တွေနဲ့ လုပ်လို့ကိုင်လို့ရမယ့် အနေအထားတစ်ခုကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ညှိနှိုင်းကြတဲ့ အစည်းအဝေးလို့လည်း ပြောလို့ရပါတယ်” ဟု ပြောသည်။

NSPNC နှင့် နိုင်ငံရေးပါတီများကို တွေ့ရစဥ်

ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုအား တည်ဆောက်ရမည်ဟု မြန်မာ့တပ်မတော်၊ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ အားလုံးက လက်ခံထားသောကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပိုမို၍ ဖက်ဒရယ်ဆန်သော ဖွဲ့စည်းပုံမျိုးဖြစ်ရန် ပုဒ်မပြဋ္ဌာန်းချက်များ၊ ဥပဒေပြဋ္ဌာန်းချက်များအား မည်သို့ ပြဋ္ဌာန်းရမည်ဆိုခြင်းများကို ဆွေးနွေးခဲ့ကြောင်းလည်း နိုင်ငံရေးပါတီများက ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။