CNI International News

နယူးဒေလီ၊ သြဂုတ် ၂၄

ကူကီး-ဇိုမီ (Kuki-Zomi) လူမျိုးစုအတွက် သီးခြားအုပ်ချုပ်ရေးဒေသ တောင်းဆိုမှုကို နာဂလူမျိုးများအနေဖြင့် ကန့်ကွက်စရာ မရှိသော်လည်း ထိုသီးခြားအုပ်ချုပ်ရေးဒေသသည် နာဂလူမျိုးများ၏ နယ်နိမိတ်ကို တစ်လက်မမျှ မထိသင့်ကြောင်း အပစ်အခတ်ရပ်စဲထားသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ- အိုက်ဇက်/မွီးဗာ(NSCN-IM) က သြဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု Deccan Herald မှ ဖော်ပြခဲ့သည်။

"ကူကီး ဒေသအဖြစ် အဆိုပြုထားတဲ့ မြေပုံဟာ ယုတ္တိမရှိတာ ဝမ်းနည်းဖို့ကောင်းပါတယ်။ နာဂလူမျိုးစုတွေထဲက တချို့ဟာ ကူကီးအနွယ်တွေ ဖြစ်တယ်လို့တောင် ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ 

ကူကီးလူမျိုးများကိုတွေ့ရစဉ်

အဲဒီလို ဝိရောဓိဖြစ်စေတဲ့ လုပ် ဇာတ်ခင်းမှုတွေဟာ ကူကီး-ဇိုမီ လူမျိုးစုအရေးအတွက် အထောက်အကူ မဖြစ်စေပါဘူး။ ဘာလို့လဲဆိုတော့ သမိုင်း ဆိုတာဟာ မဟုတ်တမ်း တရားတွေနဲ့ လုပ်ဇာတ်ခင်းမှုတွေ အပေါ်မှာ ထူထောင်ထားတာ မဟုတ်လို့ပါပဲ"ဟု NSCN-IM က သြဂုတ် ၂၁ ရက်တွင် ထုတ်ဝေခဲ့သည့် Nagalim Voice စာစောင်၌ ပြောကြားခဲ့သည်။

လူသားမျိုးနွယ်အား ဆန့်ကျင်သည့်် ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး နာဂလူမျိုးများသည် ကူကီး-ဇိုမီလူမျိုးစုနှင့် စည်းလုံးညီညွတ်မှုရှိသည်ကို ဖော်ပြခဲ့သည်။

ထို့နောက် ကူကီးလူမျိုးစုများအတွက် သီးခြားနယ်မြေဖြစ်သည့် Zalengam ကို ထူထောင်ရာတွင် ဂရုတစိုက် လုပ်ဆောင်သင့်သည်ဟု NSCN-IM က ပြောသည်။

နာဂလူမျိုးများသည် မိမိတို့ ဘိုးဘေး အစဉ်အဆက် နေထိုင်လာခဲ့သည့် နယ်မြေတွင် စစ်ပွဲဖြစ်ပွားမည့် အခြေအနေ ကို ခွင့်ပြုမည် မဟုတ်သဖြင့် ကူကီး-ဇိုမီ လူမျိုးစုအနေဖြင့် နိုင်ငံရေးအန္တရာယ်များကို အကဲဖြတ် ချင့်တွက်မှုသည် အလွန် အရေးကြီးကြောင်းလည်း NSCN-IM က ပြောကြားခဲ့သည်။

Naga လူမျိုးကိုတွေ့ရစဉ်

နာဂဒေသ၏ အချုပ်အခြာအာဏာကို ပြန်လည်ထိန်သိမ်းရေးအတွက် လက်နက်ကိုင်လှုပ်ရှားမှုအား ဦးဆောင်ခဲ့ သည့် NSCN-IM သည် ၁၉၉၇ ခုနှစ်တွင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။

ထို့နောက် NSCN-IM အဖွဲ့သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ အစိုးရအဖွဲ့နှင့် မူဘောင် သဘောတူညီချက်တစ်ခုကို လက်မှတ် ရေးထိုးခဲ့သော်လည်း ၆၇ နှစ်ကြာ နာဂနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် နောက်ဆုံး သဘောတူ ညီချက်အား လက်မှတ်ရေးထိုးရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သီးခြားအလံတစ်ခုအတွက် ဆက်လက် တောင်းဆိုခဲ့သည်။

နာဂလန်း၊ မဏိပူရ၊ အာရူနာချယ်ပရာဒေ့ရှ်နှင့် အာသံပြည်နယ်များရှိ နာဂလူမျိုးများ နေထိုင်သည့် ဒေသများကို ပေါင်းစည်းရေးသည်လည်း NSCN-IM အဖွဲ့ အပါအဝင် နာဂအဖွဲ့များ၏ နောက်ထပ် တောင်းဆိုမှုတစ်ခု ဖြစ်သည်။

မဏိပူရပြည်နယ်၏ တောင်ကုန်းများထူထပ်သည့် ခရိုင်လေးခုထက် မနည်းတွင် နာဂလူမျိုးများ လွှမ်းမိုးထား သည်။ မဏိပူရပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်း (Biren Singh) အပါအဝင် Meiteis (ကသည်း) လူမျိုးများကမူ နာဂလူမျိုးများ၏ တောင်းဆိုချက်များကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။

မဏိပူရပြည်နယ်တွင် မေလ ၃ ရက်မှစပြီး ကူကီးလူမျိုးစုနှင့် ကသည်းလူမျိုးစုများအကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ကာ လူ ၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

Source:Deccan Herald