CNI International News

ဘန်ကောက်၊ သြဂုတ် ၂၄

Facebook သည် ထိုင်းနိုင်ငံသား ၂၀၀,၀၀၀ ကျော်ကို လိမ်ညာခဲ့သည့် အတုအယောင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လိမ်ညာသူများထံမှ ကြော်ငြာခများကို လက်ခံခဲ့သဖြင့် အာဏာပိုင်များက နိုင်ငံအတွင်း Facebook ကို ပိတ်ပင်ရန် တရားရုံး၏အမိန့်အား ရရှိရန်ကြိုးပမ်းနေသည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

ထိုလိမ်ညာမှုများကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့် ငွေကြေးပမာဏသည် ဘတ် ၁၀ ဘီလျံထက်မနည်း ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း ထိုင်းဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီး ချိုင်ဝတ် သာနာကာမန်နူဆွန်း (Chaiwut Thanakamanusorn) က ပြောသည်။

"ထိုင်းအာဏာပိုင်တွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး Facebook ကို အကြိမ်ပေါင်းများစွာ ပြောကြားခဲ့ပါတယ်။ Facebook ပေါ်မှာ အဲဒီလို လိမ်ညာတဲ့ ကြော်ငြာတွေကို ဖယ်ရှားဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် Facebook ဘက်က ဒီလိမ်ညာမှုတွေကို ဖြေရှင်းပေးဖို့ ပျက်ကွက်ခဲ့ပါတယ်"ဟု ၎င်းက ပြောသည်။

သာဝတ်ချိုင် ပစ်တယာဆိုဖွန်ကို တွေ့ရစဉ် 

ထို့ကြောင့် ထိုင်းအာဏာပိုင်များသည် လာမည့် ခုနစ်ရက်အတွင်း Facebook ကို နိုင်ငံအတွင်းပိတ်ပင်ရန် တရားရုံးသို့ တင်သွင်းရန် ရည်ရွယ်ထားသည်ဟု ချိုင်ဝတ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ငွေကြေးအာမခံနှင့် ငွေကြေးလဲလှယ်မှု ကော်မရှင်မှ အတွင်းရေးမှူးချုပ် သာဝတ်ချိုင် ပစ်တယာဆိုဖွန် (Thawatchai Pittayasophon) ၊ အီလက်ထရောနစ် ငွေလွှဲပြောင်းမှု ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ၏ အမှုဆောင် ညွှန်ကြားရေးမှူး ချိုင်ချာနာ မီတာပန့် (Chaichana Mitrpant) နှင့် ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရိုမှ ဒုတိယရဲမှူးကြီး သာယွတ် ချန်သာဝန် (Thayut Chanthaworn) တို့လည်း တက်ရောက်ခဲ့သည်။

"Facebook အနေနဲ့ ထိုင်းမှာ စီးပွားရေး ဆက်လုပ်ဖို့ ဆန္ဒရှိနေသေးတယ်ဆိုရင် ဒီပြဿနာကို တာဝန်ယူ ဖြေရှင်း ပေးရပါလိမ့်မယ်" ဟု ချိုင်ဝတ်က ပြောကြားခဲ့သည်။

အွန်လိုင်းပေါ်မှ ငွေကြေးလိမ်ညာသူများသည် ထိုင်း၏ ငွေကြေးအာမခံနှင့် ငွေကြေးလဲလှယ်မှု ကော်မရှင်၏ လိုဂိုကိုအသုံပြုပြီး Facebook ပေါ်တွင် အသုံးပြုသူများကို အကျိုးအမြတ် အများကြီး ပြန်လည်ရရှိမည်ဟု မက်လုံးပေးကာ ရင်းနှီးမြှုပ်နှံစေခြင်းဖြင့် ငွေကြေးများအား လိမ်ညာရယူခဲ့ကြသည်ဟု ၎င်းက ပြောသည်။

ထို အတုအယောင် ကြော်ငြာများကို ယုံစားပြီး ငွေကြေး ရင်းနှီးမြှုပ်နှံ ခဲ့ကြသူများသည် မည်သည့်အခါမျှ ၎င်းတို့ငွေကြေးကို ပြန်မရတော့ဘဲ ဆုံးရှုံးနစ်နာခဲ့ကြသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source: Thai PBS World