CNI International News

မော်စကို၊ သြဂုတ် ၂၄

ဂျော်ဂျီယာ၏ ခွဲထွက်ဒေသများဖြစ်သည့် တောင်အိုဆက်တီးယား (South Ossetia) နှင့် အက်ဘ်ခါဇီယာ (Abkhazia) ဒေသများကို ရုရှားက သိမ်းပိုက်လိမ့်မည်ဟု ရုရှားအစိုးရ၏ သြဇာကြီးမားသည့် လုံခြုံရေးကောင်စီ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဒီမီထရီ မက်ဗီဒက် (Dmitry Medvedev) က သတိပေးခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ရုရှား၏ နိုင်ငံရေးသဘောထား အတင်းမာဆုံးပုဂ္ဂိုဟ်ဟု သူ့ကိုယ်သူ သုံးနှုန်း ဖော်ပြခဲ့သည့် မက်ဗီဒက်က အနောက်အုပ်စုသည် ဂျော်ဂျီယာကို နေတိုးအဖွဲ့ဝင်အဖြစ် ထည့်သွင်းရန် ဆွေးနွေးမှု များ ပြုလုပ်နေခြင်းဖြင့် တင်းမာမှုများ ဖန်တီးနေသည်ဟု စွပ်စွဲခဲ့သည်။

"အက်ဘ်ခါဇီယာနဲ့ တောင်အိုဆက်တီးယား ဒေသတွေဟာ ရုရှားနဲ့ ပူးပေါင်းချင်နေပါတယ်။ အဲဒီအတွက် ကောင်း မွန်တဲ့ အကြောင်းပြချက်တွေ ရှိမယ်ဆိုရင် ပူးပေါင်းဖို့ဆိုတာ လျင်လျင်မြန်မြန် ဖြစ်လာနိုင်ပါလိမ့်မယ်" ဟု ရုရှား သမ္မတဟောင်းလည်းဖြစ်သူ မက်ဗီဒက်က Argumenty I Fakty သတင်းစာတွင် ရေးသားခဲ့သည့်် ဆောင်းပါး တစ်ပုဒ်အတွင်း ပြောကြားခဲ့သည်။

တောင်အိုဆက်တီးယားကို ရုရှားတပ် ရောက်လာစဉ်

အက်ဘ်ခါဇီယာနှင့် တောင်အိုဆက်တီးယားဒေသ ခွဲထွက်မှုနှင့်ပတ်သက်ပြီး ဂျော်ဂျီယာနှင့် ရုရှားအကြား အချိန် ကာလ တိုတောင်းသော်လည်း ပြင်းထန်သည့် စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ၎င်းတို့ နှစ်နိုင်ငံအကြား ဆက်ဆံရေးများ တိုးတက်လာခဲ့သည်။

သို့သော် ဂျော်ဂျီယာသည် နေတိုးအဖွဲ့ဝင်ဖြစ်ရန် နီးစပ်လာသည့် အခြေအနေမျိုး ဖြစ်လာပါက ရုရှားအနေနှင့် အရေးယူ လုပ်ဆောင်ရန် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း မက်ဗီဒက်က ပြောသည်။

"ကျနော်တို့ စိုးရိမ်နေရတဲ့ အခြေအနေဟာ လက်တွေ့ဖြစ်လာခဲ့မယ်ဆိုရင် ကျနော်တို့အနေနဲ့ တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး"ဟု မက်ဗီဒက်က ဖြစ်နိုင်ခြေရှိသည့် သိမ်းပိုက်မှု အခြေအနေကို ရည်ညွှန်းပြောကြားခဲ့သည်။

စစ်ပွဲများ ရပ်ရန် ရုရှားကို ဂျော်ဂျီယာနိုင်ငံသားများ တောင်းဆိုနေကြစဉ်

ဂျော်ဂျီယာ အရာရှိများကမူ မိမိတို့နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် အမေရိကန်ဦးဆောင်သည့် နေတိုးမဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်ရန် လုပ်ဆောင်နေကြောင်း မကြာခဏ ပြောကြားခဲ့သည်။

နေတိုးအဖွဲ့၏ တရားဝင် ဝက်ဘ်ဆိုက်တွင်လည်း ဂျော်ဂျီယာသည် နေတိုး၏ အနီးဆုံး မိတ်ဖက်နိုင်ငံ ဖြစ်သည်ဟု ဖော်ပြထားသည်။

၁၉၉၁ ခုနှစ်က ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပြီးနောက် ဂျော်ဂျီယာသည် အက်ဘ်ခါဇီယာနှင့် တောင်အိုဆက်တီးယား ဒေသများကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ လက်လွတ်ဆုံးရှုံးခဲ့ရသည်။

ရုရှားကမူ ၂၀၀၈ ခုနှစ်တွင် အဆိုပါဒေသနှစ်ခုအား လွတ်လပ်ရေးရသည့် နိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည်။

Source: အယ်လ်ဂျာဇီးယား