CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၂၆

ဂျာမနီသမ္မတ ဖရန့် ဝေါ်လ်တာ စတိုင်မိုင်ယာ (Frank-Walter Steinmeier) သည် ထိုင်းဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ၏ ဖိတ်ကြားချက်ဖြင့် ဇန်နဝါရီ ၂၅ ရက်တွင် ထိုင်းနိုင်ငံသို့ ပထမဆုံး နိုင်ငံတော် ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။ 

ဂျာမနီသမ္မတ စတိုင်မိုင်ယာနှင့်အတူ အလုပ်သမားရေးရာနှင့်လူမှုရေးရာ ဖက်ဒရယ်ဝန်ကြီး၊ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များနှင့် ဂျာမန်စီးပွားရေးလုပ်ငန်းရှင် များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တို့လည်း လိုက်ပါလာခဲ့သည်။

ဂျာမနီသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ဆရီသာက အစိုးရအိမ်တော်တွင် အခမ်းအနား ပြုလုပ်ပြီး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့သည်။ 

ဆရီသာနှင့် စတိုင်မိုင်ယာတို့သည် မီးရထားလမ်းနှင့် သိပ္ပံနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ ညီမှုများအတွက် လက်မှတ် ရေးထိုးမည်ဖြစ်ပြီး ထိုင်းဘုရင် မဟာ ဗာဂျီရာလောင်ကွန်း (Maha Vajiralongkorn) နှင့် မိဘုရား ဆုသီဒါ (Suthida) တို့ကလည်း ဒူးဆစ် နန်းတော် (Dusit Palace) တွင် စတိုင်မိုင်ယာနှင့် တွေ့ဆုံမည် ဖြစ်သည်။

 ဂျာမနီသမ္မတ ဖရန့် ဝေါ်လ်တာ စတိုင်မိုင်ယာနဲ့ ထိုင်းဝန်ကြီးချုပ် ဆရီသာကို တွေ့ရစဉ်

ထို့နောက် ဂျာမနီသမ္မတသည် ဒေသတွင်း လျှပ်စစ်ကားများနှင့် အင်ဂျင်များ ထုတ်လုပ်သည့် ဆမွတ်ပရာကန် (Samut Prakan) ပြည်နယ်ရှိ မာစီးဒီးဘန့်ဇ်စက်ရုံကို သွားရောက် ကြည့်ရှုမည်ဖြစ်သည်။ 

စတိုင်မိုင်ယာသည် Electricity Generating Authority of Thailand (EGAT) ကုမ္ပဏီက လုပ်ကိုင်နေသည့် ကမ္ဘာ့ ထိပ်သီး နှစ်မျိုးစပ် ဓာတ်အားပေးစက်ရုံဖြစ်သည့် သီရိဒုံ (Sirindhorn) ရေလှောင်ကန်ရှိ Solar hybrid စီမံကိန်းကို သွားရောက်ရန် အူဘွန် ရတ်ချသာနီ (Ubon Ratchathani) မြို့သို့လည်း သွားရောက်မည်ဖြစ်သည်။

ထို့ပြင် စတိုင်မိုင်ယာသည် ခွန်ချီအမ် (Khong Chiam) ခရိုင်ရှိ Pha Taem အမျိုးသားဥယျာဉ်နှင့် တရာကန် ဖူအက် ပွန် (Trakan Phuet Phon) ခရိုင်ရှိ လယ်ယာစိုက်ပျိုးရေး စီမံကိန်းများကိုလည်း သွားရောက်ကြည့်ရှုမည် ဖြစ်သည်။ 

စတိုင်မီယာ၏ ယခုခရီးစဉ်သည် ၂၀၂၂ ခုနှစ်က ဂျာမနီသမ္မတအဖြစ် စတင်ရုံးထိုင်ခဲ့ပြီးနောက် ၎င်း၏ ပထမဆုံး ထိုင်းခရီးစဉ်ဖြစ်ပြီး လက်ရှိ ထိုင်းအစိုးရ လက်ထက်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် ပထမဆုံး ပြည်ပနိုင်ငံမှ သမ္မတတစ်ဦး၏ ခရီးစဉ်ဖြစ်လာခဲ့သည်။

စတိုင်မီယာမတိုင်မီ ထိုင်းနိုင်ငံသို့ နောက်ဆုံး ရောက်ရှိလာခဲ့သည့်် ဂျာမနီသမ္မတသည် ဂျိုဟန်နက်စ် ရာအူ (Johannes Rau) ဖြစ်ပြီး ၂၀၀၂ ခုနှစ်က ထိုင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Source: Thai PBS