CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆

ပြည်တွင်းရွှေဈေးနှုန်းသည် ပြီးခဲ့သည့် ရက်သတ္တပတ်၌ ၃၇ သိန်းအထက်တွင် ရှိနေခဲ့သော်လည်း ယခုရက်ပိုင်း ၃၈ သိန်းအထက်သို့ ရောက်ရှိနေကြောင်း ရွှေဈေးကွက်အတွင်းမှာ သိရသည်။

ပုံမှန်အားဖြင့် ရွှေဈေးနှုန်းသည် ယခုကာလတွင် မြင့်တက်လေ့ မရှိကြောင်း၊ လက်ရှိ ရွှေဈေးနှုန်း မြင့်တက်သွားခြင်းသည် ပြည်တွင်းဒေါ်လာဈေးနှုန်း မြင့်တက်သွားခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း၊ အတွင်းရေးမှူး ဦးအုန်းမြိုင်က CNI သတင်းဌာနသို့ ပြောသည်။

“အခုကတော့ ငွေလဲနှုန်း ပြောင်းလို့ပဲ ပြောရမယ်။ အရင်တုန်းကတော့ ၃၄၀၀ အပေါ်နားမှာရှိတာ၊ အခုက ၃၅၀၀ အပေါ် ရောက်သွားတယ်လို့  ကြားတာပဲ။ အခုက ခေတ်ကာလ အခြေအနေကလည်း ပြောင်းလဲတာမျိုးတွေ ရှိတာပေါ့နော်။ အဲဒါမျိုးလေးတွေကြောင့်ပဲ ငွေဈေးပြောင်းလဲတယ်။ ငွေဈေးပြောင်းလဲတဲ့အပေါ်မှာ လိုက်ပြီး ရွှေဈေးပြောင်းလဲတယ် အဲဒီလိုပဲ မြင်ရတာပေါ့နော်။ ပုံမှန်အရဆို ဒီအချိန်မှာ တက်လေ့တက်ထ အင်မတန် နည်းတယ်လေ။ တရုတ်နှစ်သစ်ကူး တစ်ပတ်လည်မှာဆိုရင် ခဏတဖြုတ် ပြန်တက်တာမျိုးတွေ ရှိတယ်။ အလားအလာကတော့ အရမ်းကြီး အတက်ကိုတော့ မမှန်းပါဘူး။ ဘာလို့လဲဆိုတော့ အခု တရုတ်နှစ်သစ်ကူး တဝိုက်လောက် ငြိမ်တယ်။ ဒါပေမယ့် အခုက ကြိုတက်နေတော့လည်း စဉ်းစားရတာတော့ ခပ်ကြပ်ကြပ် ဖြစ်နေတယ်” ဟု ပြောသည်။

 ရွှေအရောင်းအဝယ် ပြုလုပ်နေသည်ကို တွေ့ရစဉ်

ရွှေဈေးနှုန်းသည် ဇန်နဝါရီ ၂၁ ရက်နေ့တွင် ၃၇ သိန်းကျော် ရှိရာမှ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ၃၈ သိန်းသို့ ရောက်ရှိလာပြီး တဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ဇန်နဝါရီ ၂၆ ရက်နေ့အထိ ၃၈၄၅၀၀၀ ကျပ် ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။

ပြီးခဲ့သည့်နှစ်တွင် ရွှေဈေးနှုန်းသည် ၃၉ သိန်းအထက်ဖြင့် စံချိန်တင် မြင့်တက်ခဲ့သည့်အတွက် ယခုနှစ်တွင်လည်း ယင်းဈေးနှုန်းသို့ ရောက်ရှိလာနိုင်ပြီး တစ်ကျပ်သားလျှင် သိန်း ၄၀ အထိ ရောက်ရှိနိုင်သည်ဟု ရွှေဈေးကွက် လေ့လာသူများက သုံးသပ်နေကြသည်။

လက်ရှိ ရွှေဈေးနှုန်း မြင့်တက်လာမှုသည် တရုတ်နှစ်သစ်ကူး နီးလာချိန် ဖြစ်သည့်အတွက် ပုံမှန်မြင့်တက်နေကျအတိုင်း မြင့်တက်လာခြင်း ဖြစ်သည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူ ကိုနေခန့်က CNI သတင်းဌာနသို့ ပြောသည်။

 ရွှေအရောင်းအဝယ် ပြုလုပ်နေသည်ကို တွေ့ရစဉ်

“ဒီနှစ်ကူးပိုင်းလည်းပါတယ်။ တရုတ်နှစ်သစ်ကူး နီးလာတာလည်း ပါတယ်။ တရုတ်နှစ်ကူးနီးလာရင် ပုံမှန်ဝယ်လိုအား တက်နေကျပဲ။ မနှစ်က တကယ်ဈေးအပြောင်းအလဲ များတာလည်း ဒီလိုအချိန်ပဲပေါ့။ တရုတ်နှစ်ကူးအပြီး ၄၀ ကျော်ပြီးရင်တော့ ပြန်ကျလာမယ်။ ထုံးစံက ရှိပြီးသားလေ။ အမြင့်ဆုံးဈေးကို နောက်တစ်ခေါက် ပြန်လာတာ။ ၃၉ က အမြင့်ဆုံး၊ ၃၉ သိန်း ၅ သောင်းနဲ့ အမြင့်ဆုံးပေါ့။ အဲဒီအမြင့်ဆုံးရောက်ပြီးတော့ ပြန်ကျတာပဲ။ အခုလည်း အဲဒီဟာကို ပြန်ကျော်မှာ။ ကျော်မှာဆိုတော့ သေချာပေါက် ၄၀ ကျော်မှာ။ ကျနော်မှန်းတာတော့ ၄၁ ကျော်ပြီးရင်တော့ အဲဒီအခါကျရင် ရောင်းလိုအား ပြန်ဝင်လာမှာပဲ။ ဆိုင်တွေက ပြန်ကောက်တော့မှာ” ဟု ပြောသည်။

လက်ရှိ ပြည်တွင်းရွှေဈေးကွက်အတွင်းတွင် ရွှေဈေးနှုန်း ထပ်မံမြင့်တက်မည်ကို မျှော်မှန်းနေကြခြင်းကြောင့် ဝယ်လိုအား အနည်းငယ် ပြန်လည် မြင့်တက်လာနေကြောင်း၊ နောက်ပိုင်း၌ ရွှေဈေးနှုန်း အမြင့်ပိုင်းသို့ ရောက်ရှိချိန်တွင် ရွှေလာရောက် ရောင်းချမှုများကို ရွှေဆိုင်များက အဝယ်လက်မခံသည့် ပုံစံဖြင့် ရွှေဈေးနှုန်းကို ပြန်လည်ဆွဲချကြမည် ဖြစ်သည်ဟု ရွှေဈေးကွက် လေ့လာသုံးသပ်သူများက ပြောသည်။