CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၂၉ 

တရုတ်နှင့် ထိုင်းနိုင်ငံအကြား COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ခရီးသွားလာမှုနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍ အဆင်ပြေ ချောမွေ့စေရန်အတွက် ဇန်နဝါရီ ၂၈ ရက်က ၎င်းတို့နှစ်နိုင်ငံမှ နိုင်ငံသားများအတွက် ဗီဇာ ဖြေလျှော့ရေး သဘောတူညီမှု ရရှိခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘာဟစ်ဒါ နျူကာရာ (Parnpree Bahiddha-nukara) နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ (Wang Yi) တို့သည် ဘန်ကောက်မြို့တော်တွင် အစည်းအဝေး ပြုလုပ်ပြီးနောက် မတ်လ ၁ ရက် တွင် စတင် အကျုံးဝင် သက်ရောက်မည့် ဗီဇာဖြေလျှော့ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

"အခုလို ဗီဇာ ကင်းလွတ်ခွင့်ပေးတဲ့ ခေတ်ဟာ သက်ဆိုင်ရာနိုင်ငံတွေက ပြည်သူတွေအကြား အပြန်အလှန် ဖလှယ်မှုတွေကို မြင့်တက်စေပါလိမ့်မယ်" ဟု ဝမ်က ပန်ပရီနှင့် ပြုလုပ်သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

COVID-19 ကပ်ရောဂါမတိုင်မီက အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၏ စီးပွားရေးတွင် ခရီးသွားကဏ္ဍသည် အဓိက မောင်းနှင်အား ဖြစ်ခဲ့သည်။ 

လေယာဉ်ကွင်းမှာ ညနေဆည်းဆာကို တွေ့ရစဉ်

တရုတ်သည် ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍတွင် ထိပ်သီး အရင်းအမြစ်တစ်ခု ဖြစ်ခဲ့သော်လည်း ကပ်ရောဂါ ဖြစ်ပွား အပြီး၌ ထိုင်းနိုင်ငံအတွင်းသို့ တရုတ်ခရီးသွားများ ပြန်လည်ဝင်ရောက်မှုသည် နှေးကွေးခဲ့သည်။

"ထိုင်းကို လာမယ့် တရုတ်ခရီးသွား အရေအတွက် ကြီးကြီးမားမား မြင့်တက်လာပါလိမ့်မယ်" ဟု ဝမ်က ပြော သည်။ 

ကပ်ရောဂါ မတိုင်မီ ၂၀၁၉ ခုနှစ်က ထိုင်းသို့ လာရောက်သည့် တရုတ်ခရီးသွား အရေအတွက် ၁၁ သန်းရှိခဲ့သော် လည်း ၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၅ သန်းသာ ရှိခဲ့သည်။ 

တရုတ်နှင့် ထိုင်းသည် နှစ်နိုင်ငံအကြား နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက် ရန်နှင့် တရုတ်-ထိုင်း ရထားလမ်း ဖောက်လုပ်ရေး အစီအစဉ်အား အရှိန်မြှင့်တင်ရန် ကတိပြုခဲ့ကြသည်ဟုလည်း ဝမ်က ပြောကြားခဲ့သည်။ 

ဝမ်သည် ဇန်နဝါရီ ၂၆ ရက်နှင့် ၂၇ ရက်ကလည်း ဘန်ကောက်မြို့တော်တွင် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဂျိတ် ဆူလေဗန်နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး၊ ထိုင်ဝမ်အရေးနှင့် အီရန်အရေးများကို ဆွေးနွေးခဲ့ကြသည်။ 

Source: ရိုက်တာ