CNI International News

ဘန်ကောက်၊ သြဂုတ် ၂၉ 

ဖြူးထိုင်းပါတီ ဦးဆောင်သည့် ထိုင်းအစိုးရအဖွဲ့သစ်၏ လုပ်ငန်းများကို လာမည့် စက်တင်ဘာလ လလယ်တွင် စတင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ဆရီသာ သာဗင်စင် (Srettha Thavisin)က အစိုးရအဖွဲ့တွင် ပါဝင်မည့် ရာထူးနေရာစာရင်းကို အပြီးသတ်ရေးဆွဲခဲ့ပြီး အစိုးရအဖွဲ့အတွင်းဝန်များရုံးထံသို့ လွှဲပြောင်းပေးအပ် ခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။

ဆရီသာသည် ၎င်းအား ဂုဏ်ပြုရန် လာရောက်ခဲ့သည့် ကြံစိုက်ပျိုးသည့် တောင်သူများကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီးနောက် သြဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် ဖြူးထိုင်းပါတီ ဌာနချုပ်၌ သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။

ဖြူးထိုင်းပါတီ ဦးဆောင်သည့် ထိုင်းအစိုးရအဖွဲ့ကိုတွေ့ရစဉ်

ဆရီသာက ညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်သည့် ပါတီ ၁၁ ခုနှင့်  တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အစိုးရအဖွဲ့၌ ပါဝင်မည့် ရာထူးနေရာများအတွက် သြဂုတ် ၂၇ ရက် ညပိုင်းမှာ အပြီးသတ်စာရင်း ရေးဆွဲခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

"ဒီနေ့မှာတော့ အစိုးရအဖွဲ့ အတွင်းဝန်ချုပ်ဟာ ကျနော်တင်သွင်းခဲ့တဲ့ အစိုးရအဖွဲ့ဝင် ရာထူးစာရင်းကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး အချိန်နည်းနည်းလောက် စောင့်ဆိုင်းကြပါ။ လာမယ့် လလယ်လောက်မှာ အစိုးရအဖွဲ့ သစ်ဟာ မူဝါဒအသစ်တွေကို လွှတ်တော်မှာ ချပြသွားမှာဖြစ်ပါတယ်" ဟု ဆရီသာက ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ ကာကွယ်ရေးဝန်ကြီး ရာထူးနေရာအတွက် ဖြူးထိုင်းပါတီ၏ လွှတ်တော်အမတ် ဆူတင် ကလန် ဆန်း (Sutin Klungsang) သို့မဟုတ် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး နက်တာပိုလ် နက်ဖန်နစ် (Nattapol Nakphanit) ကို ရွေးချယ်မည် ဟုတ်/မဟုတ် သတင်းထောက်များ၏ မေးမြန်းချက်ကို ဆရီသာက ဖြေကြားခဲ့ခြင်းမရှိပေ။

 Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရတ်ကို တွေ့ရစဉ်

"အစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာတွေ ခန့်အပ်တဲ့ စာရင်းအတွက် အချိန် အနည်းငယ်လောက်ပဲ စောင့်ဆိုင်းပေးကြပါ" ဟု ဆရီသာက ပြောကြားခဲ့သည်။

ထို့ပြင် အသစ်ခန့်အပ်မည့် ကာကွယ်ရေးဝန်ကြီးသည် ပြည်သူများကို စိတ်ပျက်စေလိမ့်မည် မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။ 

စစ်တပ်ကို ပြုပြင်ပြောင်းလဲရန် အစိုးရအဖွဲ့သစ်အား တောင်းဆိုထားသည့် Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရတ် (Pita Limjaroenrat) ၏ တောင်းဆိုချက်နှင့် ပတ်သက်ပြီး သတင်းထောက်များက မေးမြန်း ခဲ့ရာတွင် ဆရီသာက "ကျနော်ကတော့ ပြုပြင်ပြောင်းလဲမှုထက် ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီး အားပေးချင်ပါ တယ်"ဟု ဖြေကြားခဲ့သည်။

Source: The Nation