CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၂

ထိုင်းနိုင်ငံတွင် ယခုနှစ် တတိယသုံးလပတ် ကာလအတွင်း ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) အပေါ် လူထုထောက်ခံမှုနှုန်း မြင့်တက်လာကြောင်း The Nation မှ ဖော်ပြခဲ့သည်။

နောက်ဆုံး ထုတ်ပြန်ခဲ့သည့် NIDA လူထုသဘောဆန္ဒ ကောက်ခံမှုစစ်တမ်းအရ ယခုနှစ်တတိယ သုံးလပတ် ကာလအတွင်း ပေတုန်တန်အပေါ် လူထုထောက်ခံမှုနှုန်းသည် ၃၁ ဒသမ ၃၅ ရာခိုင်နှုန်းရှိခဲ့သည်။

ထိုနှုန်းထားသည် ဒုတိယသုံးလပတ် ကာလအတွင်း လူထုထောက်ခံမှုနှုန်း ၂၆ ဒသမ ၅ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက ၄ ဒသမ ၈၅ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။

ပေတုန်တန် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက် ဖြူးထိုင်းပါတီက အရွယ်ရောက်ပြီး ထိုင်းလူမျိုး ၄၅ သန်းခန့်အတွက် ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့ကြေးပေးသည့် အစီအစဉ်ကို စတင်ခဲ့ပြီးနောက်ပိုင်းတွင် NIDA စစ်တမ်းရလဒ်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဒစ်ဂျစ်တယ်ငွေကြေး ထောက်ပံ့မှု အစီအစဉ်သည် ပေတုန်တန်အား လူထုထောက်ခံမှု မြင့်တက်စေသည့် အဓိကအကြောင်းရင်း တစ်ခုဖြစ်နိုင်ပြီး ပြည်သူများက ထောက်ပံ့ငွေများ ရရှိနေသဖြင့် ပျော်ရွှင်လျက်ရှိသည်။

ဖြူးထိုင်းပါတီကို နောက်ကွယ်က ကြိုးကိုင်နေသည်ဟု ယူဆခံထားရသည့် သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ကမူ ပေတုန်တန်၏ လူထုထောက်ခံမှုနှုန်း မြင့်တက်မှုနှင့် စွမ်းဆောင်ရည်တို့ကို အားရကျေနပ် နေဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ပြည်သူ့ပါတီအဖွဲ့၀င်များကိုတွေ့ရစဉ်

ဩဂုတ်လအတွင်း Nation Group မီဒီယာက ဧည့်ခံကျင်းပသည့် Dinner Talk: Vision for Thailand 2024 အမည်ရှိ ညစာစားပွဲ ဆွေးနွေးခန်းတွင် သက်ဆင်သည် နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မည့် မှတ်ချက်စကားများ ပြောခဲ့သဖြင့် ဝေဖန်ခံခဲ့ရပြီးနောက် နောက်ပိုင်းတွင် နေထိုင်ပြောဆိုပုံများကို သတိကြီးစွာထားခဲ့သည်။

ထိုညစာစားပွဲ ဆွေးနွေးခန်းတွင် သက်ဆင်က နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများနှင့်ပတ်သက်ပြီး ၎င်း၏ သဘောထားများကို ပြောကြားခဲ့သဖြင့် လေ့လာစောင့်ကြည့်သူများက ထိုင်း၏  ဝန်ကြီးချုပ်အစစ်မှာ သက်ဆင် ဖြစ်ကြောင်း တံဆိပ်ကပ်ခဲ့သည်။

NIDA စစ်တမ်းတွင် ပေတုန်တန်က ဦးဆောင်နေသော်လည်း ထိုင်းနိုင်ငံရေးပါတီများအပေါ် လူထုထောက်ခံမှု နှုန်းသည် ယခင် Move Forward ပါတီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းခဲ့သည့် ပြည့်သူ့ပါတီသည် လူထုထောက်ခံ မှုနှုန်း အမြင့်ဆုံးဖြစ်ကာ ဖြူးထိုင်းပါတီက ဒုတိယနေရာတွင်သာ ရှိနေခဲ့သည်။

ပုဂ္ဂလိက လူထုထောက်ခံမှုနှုန်းနှင့် ပါတီအပေါ် လူထုထောက်ခံမှုနှုန်း ကွာဟနေခြင်းသည် ပြည်သူ့ပါတီ၏ အင်အားခိုင်မာပုံကို ပြသရာရောက်နေပြီး ဖြူးထိုင်းပါတီသည် အတွင်းစည်းတွင် သဘောထားကွဲလွဲနေသည့် လက္ခဏာများကိုလည်း ပြသရာရောက်ခဲ့သည်။

Source: The Nation