CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၃၀

ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ရပ်တွင် ဝန်ကြီးချုပ် ရာထူးနေရာအတွက် လူကြိုက်အများဆုံးအဖြစ် ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ရွေးချယ်ခံခဲ့ရသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

သို့သော် ထိုင်းတွင် လူကြိုက်အများဆုံး နိုင်ငံရေးပါတီသည် လက်ရှိအာဏာရ ဖြူးထိုင်းပါတီမဟုတ်ဘဲ ယခင် Move Forward ပါတီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းခဲ့သည့် ပြည့်သူ့ပါတီ ဖြစ်နေသည်ဟု အမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးအုပ်ချုပ်မှု အင်စတီကျု (Nida Poll) က ပြုလုပ်သည့် စစ်တမ်းတွင် ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ် တတိယ ၃ လပတ် ကာလအတွက် ပြုလုပ်သည့် အဆိုပါ လူထုသဘောဆန္ဒ ကောက်ခံမှုစစ်တမ်းတွင် အသက် ၁၈ နှစ်နှင့်အထက် နယ်ပယ်ကဏ္ဍအသီးသီးမှ ပါဝင်ဖြေဆိုသူ ၂၀၀၀ ကို စက်တင်ဘာ ၁၆ ရက်မှ ၂၃ ရက် အကြာ ဖုန်းဖြင့်ဆက်သွယ်ပြီး အင်တာဗျူးများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပေတုန်တန်၊ ပြည်သူ့ပါတီခေါင်းဆောင်နဲ့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်ကိုတွေ့ရစဉ်

ဝန်ကြီးချုပ်နေရာအတွက် ထောက်ခံမှု အများဆုံးစစ်တမ်းတွင် ပေတုန်တန်သည် စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ စုစုပေါင်း၏ ၃၁ ဒသမ ၃၅ ရာခိုင်နှုန်း၏ ထောက်ခံမှုကိုရရှိခဲ့ပြီး ၂၃ ဒသမ ၅၀ ရာခိုင်နှုန်းကမူ ဝန်ကြီးချုပ်နေရာ အတွက် သင့်တော်သူ မရှိသေးကြောင်း ဖြေကြားခဲ့သည်။

၂၂ ဒသမ ၉၀ ရာခိုင်နှုန်းကမူ ပြည်သူ့ပါတီမှ နက်သန်ပွန် ရူအန်ပန်ယာဝပ် (Natthaphong Ruengpanyawut) ကို ထောက်ခံခဲ့ကြပြီး ၈ ဒသမ ၆၅ ရာခိုင်နှုန်းကမူ United Thai Nation ပါတီ၏ ပီရာပန် ဆာလီရာသာဗီဟာဂါ (Pirapan Salirathavibhaga) ကို ထောက်ခံခဲ့ကြသည်။

ထိုင်းတွင် လူထုထောက်ခံမှု အများဆုံး နိုင်ငံရေးပါတီ စစ်တမ်းတွင် ပြည်သူ့ပါတီက ၃၄ ဒသမ ၂၅ ရာခိုင်နှုန်း ဖြင့် ထောက်ခံမှု အများဆုံးရရှိခဲ့ပြီး ၂၇ ဒသမ ၁၅ ရာခိုင်နှုန်းကမူ ဖြူးထိုင်းပါတီကို ထောက်ခံခဲ့ရသည်။

၁၅ ဒသမ ၁၀ ရာခိုင်နှုန်းကမူ ထောက်ခံရန် သင့်တော်သည့်ပါတီ မရှိသေးကြောင်း ဖြေကြားခဲ့ပြီး ၉ ဒသမ ၉၅ ရာခိုင်နှုန်းက United Thai Nation ပါတီ၊ ၄ ဒသမ ၄၀ ရာခိုင်နှုန်းက ဒီမိုကရက်ပါတီ၊ ၃ ဒသမ ၅၅ ရာခိုင်နှုန်းက Bhumjaithai ပါတီ၊ ၂ ဒသမ ၀၅ ရာခိုင်နှုန်းက Palang Pracharath ပါတီနှင့် ၁ ဒသမ ၇၉ ရာခိုင်နှုန်းက Thai Sang Thai  ပါတီတို့ကို ထောက်ခံခဲ့ကြသည်။

Source: ဘန်ကောက်ပို့စ်