CNI Sport Article
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆
အာဆီယံဒေသတွင်းမှာ အကြီးမားဆုံး ဘောလုံးပြိုင်ပွဲဖြစ်တဲ့ အာဆီယံ ချန်ပီယံရှစ် AFF Mitsubishi Electric Cup ၂၀၂၄ ပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်ကနေ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အုပ်စု B မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ လာအိုအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။
အုပ်စုတွင်းမှာ ထိပ်ဆုံး ၂ သင်းသာ ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်မှာဖြစ်လို့ ပွဲတိုင်းက ဗိုလ်လုပွဲလို အရေး ပါနေတာဖြစ်ပါတယ်။
အုပ်စုတွင်းပွဲစဉ် ၄ ပွဲမှာ ၂ ပွဲကို အိမ်ကွင်း၊ ၂ ပွဲကို အဝေးကွင်း ကစားရမှာဖြစ်လို့ မြန်မာအသင်းဟာ နောက်တဆင့် တက်ဖို့အတွက် အိမ်ကွင်းပွဲစဉ်တွေမှာ အနိုင်ရလဒ် ရယူနိုင်ဖို့ လိုအပ်နေတာပါ။
မြန်မာအသင်းဟာ အိမ်ကွင်း ၂ ပွဲအဖြစ် အင်ဒိုနီးရှား၊ လာအိုအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဝေးကွင်း ၂ ပွဲ အဖြစ် ဖိလစ်ပိုင်၊ ဗီယက်နမ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
မြန်မာအသင်းအတွက် ပွဲတိုင်းက မလွယ်ကူတာကြောင့် သေသေချာချာ ပြင်ဆင်ပြီး အကောင်းဆုံး လုပ်ဆောင်နိုင် မှသာ နောက်တဆင့် တက်နိုင်ဖို့ မျှော်လင့်လို့ရမှာပါ။
မြန်မာအသင်းကို တွေ့ရစဉ်
မြန်မာအသင်းဟာ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်ခင် နိုဝင်ဘာထဲမှာ ခြေစမ်းပွဲတွေအဖြစ် စင်္ကာပူ၊ လက်ဘနွန်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားခဲ့တာမှာ ၂ ပွဲစလုံး အရေးနိမ့်ခဲ့ပါတယ်။
ဒီခြေစမ်းပွဲတွေမှာ မြန်မာအသင်းအတွက် အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေက သွင်းဂိုးတွေရယူပြီး ပြိုင်ဘက် အသင်းကို ဦးဆောင်နိုင်ခဲ့တာပါ။
ဒါပေမယ့် မြန်မာအသင်းဟာ ၂ ပွဲစလုံး ပွဲပြီးခါနီးတွေမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးခဲ့ရပြီး အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်း ကစားသမားတွေဟာ ပွဲတိုင်းလိုလို ပွဲပြီးခါနီးတွေမှာ သက်လုံကျပြီး ကစားအား ကျသွားတာကြောင့် ဂိုးတွေပြန်ပေးနေရတာက အားနည်းချက်လို ဖြစ်နေတာပါ။
မြန်မာအသင်းရဲ့ အုပ်စုပြိုင်ဘက်တွေရဲ့ အခြေအနေကို ပြောပြချင်ပါတယ်။
အင်ဒိုနီးရှားအသင်း အကြောင်းပြောရရင် အင်ဒိုနီးရှားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ (အာရှဇုန်) ခြေစစ်ပွဲ တွေမှာ ရလဒ်တွေ ကောင်းနေတဲ့ အသင်းဖြစ်ပြီး ဒီပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းလည်းဖြစ်တာပါ။
ဒါပေမယ့် အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲဟာ ဖီဖာဘောလုံးပြက္ခဒိန်အတိုင်း ကျင်းပတဲ့ ပြိုင်ပွဲမဟုတ်တာကြောင့် ကလပ်အသင်းတွေက ကစားသမားတွေ စေလွှတ်ခြင်း မရှိပါဘူး။
နည်းပြ ဦးမျိုးလှိုင်ဝင်းကို တွေ့ရစဉ်
အဲဒါကြောင့် အင်ဒိုနီးရှားအသင်းဟာ အဓိက ကစားသမားတွေ အစုံအလင် ပါဝင်နိုင်မှာ မဟုတ်ပေမယ့် လူစာရင်းက တောင့်တင်းနေဆဲဖြစ်ပါတယ်။
အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၂ ကြိမ်ရယူထားတဲ့ ဗီယက်နမ်အသင်းကတော့ ဒီနှစ်ကျင်းပမယ့် ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
ဗီယက်နမ်အသင်းဟာ ၂၀၂၄ ခုနှစ်အတွင်းမှာ ရလဒ်တွေ မကောင်းခဲ့တာကြောင့် ပြိုင်ပွဲမတိုင်ခင် တောင်ကိုရီးယား နိုင်ငံမှာ သွားရောက် လေ့ကျင့်မှုတွေပြုလုပ်ပြီး အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်ထားတာဖြစ်ပါတယ်။
အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ အမြင့်ဆုံး ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့တဲ့ ဖိလစ်ပိုင်အသင်းဟာ ၂၀၂၄ ခုနှစ်ထဲ ကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်တွေ မကောင်းခဲ့တဲ့အတွက် ဒီပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ပြန်ရယူနိုင်ဖို့ မျှော်လင့် နေတာပါ။
ဖိလစ်ပိုင်အသင်း လူစာရင်းဟာ တောင့်တင်းနေဆဲ ဖြစ်တဲ့အတွက် အုပ်စုတွင်းမှာရှိတဲ့ ပြိုင်ဘက်အသင်းတွေကို ရလဒ်ဆိုး ကြုံတွေ့အောင် လုပ်နိုင်သေးတာဖြစ်ပါတယ်။
လာအိုအသင်းဟာ ဒီအုပ်စုမှာ အင်အားအနည်းဆုံး အသင်းအဖြစ်ရှိနေပြီး အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အုပ်စု ကနေ ကျော်ဖြတ်နိုင်ခြင်း မရှိသေးပါဘူး။
မြန်မာအသင်းကိုတွေ့ရစဉ်
လာအိုအသင်းဟာ နိုဝင်ဘာမှာကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ထိုင်းအသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အုပ်စုတွင်း မှာ ဘာတွေလုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။
မြန်မာအသင်းကတော့ အဓိက ကစားသမားအချို့ မပါဝင်နိုင်ခဲ့ပေမယ့် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းဟာ ဒီပြိုင်ပွဲ အတွက် အတောင့်တင်းဆုံး လူစာရင်းကို ရွေးချယ်ထားတာပါ။
အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲဟာ ဦးမျိုးလှိုင်ဝင်းအတွက် မြန်မာအသင်းနည်းပြဘဝ ပထမဆုံးပြိုင်ပွဲဖြစ်တာကြောင့် အုပ်စုကနေ နောက်တဆင့်တက်နိုင်ဖို့ မျှော်လင့်ချက်ထားကာ ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲမှာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် စတုတ္ထနဲ့ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။
မြန်မာအသင်းအတွက် ဒီဇင်ဘာ ၉ ရက်မှာ ကစားမယ့် အင်ဒိုနီးရှားအသင်းနဲ့ အိမ်ကွင်းအဖွင့်ပွဲစဉ်ဟာ အလွန် အရေးကြီးနေပြီး ဒီပွဲမှာသာ ရလဒ်ကောင်း ရယူနိုင်ရင် နောက်လာမယ့်ပွဲတွေကို ကျော်ဖြတ်နိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ အလွန်အားကောင်းသွားမှာပါ။
အဲဒါကြောင့် အင်ဒိုနီးရှားအသင်းနဲ့ပွဲစဉ်မှာ မြန်မာအသင်း ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။