CNI Sport Article
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄
အင်္ဂလိပ်ကစားသမားတွေဟာ ကစားသမားဘဝမှာ ကျော်ကြားပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပေမယ့် နည်းပြ ဘဝမှာတော့ အောင်မြင်မှုတွေနဲ့ အလှမ်းဝေးကွာနေကြပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာဆိုရင် အင်္ဂလိပ်နည်းပြ ၃ ဦးသာရှိပြီး အက်ဒီဟိုဝီ ကိုင်တွယ်နေတဲ့ နယူးကာဆယ်အသင်း တစ်သင်းတည်းသာ အမှတ်ပေးဇယားထိပ်ဆုံး ၁၄ သင်းထဲမှာ တစ်သင်းအနေနဲ့ ပါဝင်နေတာပါ။
နောက်ဆုံး အင်္ဂလိပ်ပြည်တွင်း ဆုဖလား ၃၃ လုံးကို မတူညီတဲ့အသင်း ၆ သင်းက မျှဝေခဲ့ကြပြီး မန်စီးတီး အသင်းက ၁၅ လုံး၊ လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့က ၄ လုံးစီနဲ့ လက်စတာ အသင်းက ၂ လုံး ရယူခဲ့တာပါ။
ဒီအသင်းတွေကို ဆုဖလားတွေရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့တဲ့ နည်းပြတွေထဲမှာ အင်္ဂလိပ်နည်းပြတစ်ဦးမှ ပါဝင် ခဲ့ခြင်းမရှိပါဘူး။
ရွန်းနီကို တွေ့ရစဉ်
အင်္ဂလိပ်နည်းပြတွေဖြစ်တဲ့ ဖရန့်လမ်းပတ်၊ ဂရေဟမ်ပေါ်တာနဲ့ ဂျရတ်တို့ဟာ ပရီးမီးယားလိဂ် ကလပ်တွေကို ကိုင်တွယ်ခဲ့ပေမယ့် ထုတ်ပယ်ခံရခြင်းနဲ့သာ ရင်ဆိုင်ခဲ့ရတာပါ။
ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေကို ကြည့်မယ်ဆိုရင် စပိန်၊ ပေါ်တူဂီနဲ့ ဒတ်ချ်လူမျိုး နည်းပြတွေကိုသာ နည်းပြ အဖြစ် ခန့်အပ်ခဲ့တာကို မြင်တွေ့နိုင်ပါတယ်။
အင်္ဂလိပ်နည်းပြတွေအနေနဲ့ တခြားနိုင်ငံတွေက နည်းပြတွေနဲ့ ယှဉ်ပြိုင်ဖို့ဆိုရင် ဆုဖလားတွေ ရယူပေးနိုင်ဖို့ လိုအပ်နေတာပါ။
အင်္ဂလိပ်နည်းပြတွေဟာ အဓိကဆုဖလားတွေကို မရယူနိုင်တာကြောင့် အကောင်းဆုံးနည်းပြ အလုပ်အကိုင်တွေ ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။
အကောင်းဆုံးနည်းပြ အလုပ်အကိုင်တွေကို မရရင်လည်း အဓိကဆုဖလားတွေရဖို့ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။
အက်ဒီဟိုဝီနဲ့အတူ ပရီးမီးယားလိဂ်မှာရှိနေတဲ့ နောက်ထပ် အင်္ဂလိပ်နည်းပြ ၂ ဦးကတော့ အဲဗာတန်အသင်းနည်းပြ ရှောင်ဒိုက်နဲ့ ဝုလ်ဗ်စ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်တို့ပါ။
အဲဗာတန်အသင်းဟာ တန်းဆင်းဇုန်ရဲ့ အထက်မှာရှိနေပေမယ့် ဝုလ်ဗ်စ်အသင်းကတော့ တန်းဆင်းဇုန်ထဲမှာ ကျရောက်နေတာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်း နည်းပြ တူချယ်လ်ကို တွေ့ရစဉ်
အက်ဒီဟိုဝီရဲ့နယူးကာဆယ်အသင်းဟာ အဆင့် ၈ နေရာမှာရှိနေပြီး အမှတ်ပေးဇယား အထက်ပိုင်းကို တက်နိုင်ဖို့ မျှော်လင့်ချက်ရှိနေတာပါ။
အင်္ဂလိပ်နည်းပြတွေဟာ ကလပ်အသင်းတွေမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတာကြောင့် အင်္ဂလန် နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖို့ တူချယ်လ်နဲ့ ယှဉ်ပြိုင်နိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။
တူချယ်လ်ဟာ ဒေါ့မွန်၊ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ချိန်က ဆုဖလား အောင်မြင်မှုတွေကို ရယူပြထားတာပါ။ အင်္ဂလိပ်နည်းပြတွေထဲမှာ အမှတ်ပေးဖလားကို နောက်ဆုံး ရယူပေးနိုင်ခဲ့တဲ့ နည်းပြကတော့ ၁၉၉၁-၉၂ ရာသီက လိဒ်စ်အသင်းကို ဆုဖလားရယူပေးခဲ့တဲ့ ဝီလ်ကင်ဆင်ဖြစ်ပါတယ်။
ဒီနောက်ပိုင်းမှာ အင်္ဂလိပ်နည်းပြတွေဟာ ပြည်တွင်းဆုဖလား ၆ လုံးကိုသာ ရယူပေးနိုင်ခဲ့ပြီး ၂၀၀၈ က ပို့စ်မောက် အသင်းကို FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူပေးနိုင်ခဲ့တဲ့ ဟယ်ရီရက်နက်ပ်က နောက်ဆုံးဆုဖလား ရယူခဲ့တာပါ။
ဂယ်ရီနဗီးလ်၊ ကာရေဂါနဲ့ အိုဝင်တို့ကို တွေ့ရစဉ်
အင်္ဂလန်အသင်းရဲ့ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဝိန်းရွန်နီ၊ ကာရစ်တို့ဟာ ချန်ပီယံရှစ်မှာ နည်းပြအဖြစ် ဆောင်ရွက်နေပြီး ဂယ်ရီနဗီးလ်၊ ကာရေဂါ၊ ရီယိုဖာဒီနန်၊ ပေါလ်စခိုးလ်နဲ့ အိုဝင်တို့ အပါအဝင် အချို့ဟာ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
အင်္ဂလိပ်နည်းပြတွေဟာ ဒီရာသီမှာလည်း အောင်မြင်မှုရရှိအောင် လုပ်ဆောင်ပြနိုင်ဦးမှာ မဟုတ်ပါဘူး။
အင်္ဂလိပ်နည်းပြတွေဟာ ထိပ်တန်း ကလပ်တွေကို ကိုင်တွယ်ပြီး အောင်မြင်မှုတွေ ရယူနိုင်ဖို့ အချိန်ကာလ တစ်ခုအထိ ထပ်ပြီးစောင့်ရဖို့ ရှိနေတာကြောင့် ဆုဖလား အောင်မြင်မှုတွေနဲ့ အလှမ်းဝေးကွာနေဦးမယ်ဆိုတာ သေချာနေတာဖြစ်ပါတယ်။
Source: dailymail