CNI Sport Article
၂၀၂၆ ခုနှစ်၊ ဧပြီ ၂၄
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသင်းကို ကိုင်တွယ်တာ ရက်ပေါင်း ၁၀၆ ရက်သာရှိသေးတဲ့ နည်းပြ ရိုစီနီယာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
ဒါဟာ BlueCo ပိုင်ရှင်တွေ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး စီမံခန့်ခွဲမှုအလွဲ ဥပမာတစ်ခု ဖြစ်ခဲ့ပါ တယ်။
ကလပ်အသင်း အများအပြား ပိုင်ဆိုင်တဲ့ BlueCo အဖွဲ့ဟာ ဇန်နဝါရီလမှာ ထွက်ခွာခဲ့တဲ့ မာရက်စ်ကာရဲ့ နေရာမှာ သူတို့ပိုင်တဲ့ ပြင်သစ်ကလပ် စထရာဘိုးအသင်းက နည်းပြရိုစီနီယာကို ချယ်လ်ဆီးအသင်း နည်းပြအဖြစ် ခန့်အပ်ခဲ့ တာပါ။
ပူးတွဲပိုင်ရှင်တွေဖြစ်တဲ့ အက်ဂ်ဘာလီနဲ့ တော့ဒ်ဘိုလေတို့ဟာ အသက် ၄၁ နှစ် အရွယ်သာရှိသေးပြီး အလားအလာ ရှိတဲ့သူကို ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်အဖြစ် နှစ်ရှည်စာချုပ်ချုပ်ပြီး ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ ကားမောင်းသင်ယူနေတဲ့ သူတစ်ဦးကို ဖာရာရီကားပေါ်မှာ မောင်းနှင်ပြီး ဖြေဆိုဖို့တောင်းဆိုခြင်းနဲ့ တူညီခဲ့ တာပါ။
ရိုစီနီယာထက် အတွေ့အကြုံ အများအပြားရှိတဲ့ နည်းပြတွေဟာ ချယ်လ်ဆီးအသင်းမှာ ရုန်းကန်ခဲ့ရတဲ့ သာဓက တွေလည်း ရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့ကြတဲ့ နည်းပြတွေကို တွေ့ရစဉ်
တော့ဒ်ဘိုလေဦးဆောင်တဲ့ BlueCo အဖွဲ့ဟာ ၂၀၂၂ ခုနှစ်၊ မေလမှာ ရိုမန်အေဘရာမိုဗစ်ချ်ဆီကနေ ပေါင် ၄.၂၅ ဘီလီယံနဲ့ ချယ်လ်ဆီးအသင်းကို ပိုင်ဆိုင်ခဲ့တာပါ။
BlueCo အဖွဲဟာ အသင်းကို ရယူပြီးနောက် နည်းပြ အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့တာ အပါအဝင် သူတို့ရဲ့ လုပ်ဆောင်မှုတွေဟာ ချယ်လ်ဆီးအသင်း ပရိသတ်တွေနဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေကို ဖြစ်စေခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လက်ရှိ အချိန်မှာဆိုရင် လာမယ့်ရာသီ ဥရောပဝင်ခွင့် ရယူနိုင်ဖို့အတွက် ရုန်းကန်နေရပြီး ဥရောပဝင်ခွင့်မရရင် ဘဏ္ဍာရေးကိုလည်း ကြီးကြီးမားမား ထိခိုက်နိုင်တာပါ။
ချယ်လ်ဆီးအသင်းဟာ လက်ရှိပိုင်ရှင်တွေ လက်ထက်မှာ ကစားသမားတွေ ဝယ်ယူမှုအဖြစ် ပေါင် ၁.၅ ဘီလီယံ ဝန်းကျင် သုံးစွဲခဲ့ပြီး သူတို့ကို နှစ်ရှည်စာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။
BlueCo အဖွဲ့ဟာ သူတို့အသင်းကို ပိုင်ဆိုင်ပြီးနောက် ရက် ၁၀၀ ကုန်ဆုံးချိန်မှာ ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့တဲ့ နည်းပြတူချယ်လ်ကို ထုတ်ပယ်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်း ပိုင်ရှင် တော့ဒ်ဘိုလေကို တွေ့ရစဉ်
သူ့ရဲ့နေရာမှာ ခန့်အပ်ခဲ့တဲ့ ဂရေဟမ်ပေါ်တာကိုလည်း ၇ လအကြာမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
ဒီနောက်မှာ လမ်းပတ်က ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ပြီး သူ့ရဲ့နေရာမှာ ဝင်ရောက်လာခဲ့တဲ့ ပိုချက်တီနိုဟာ ချယ်လ်ဆီးအသင်းကို ၁ ရာသီကြာသာ ကိုင်တွယ်ကာ နှစ်ဦးသဘောတူညီမှုနဲ့ ထွက်ခွာခဲ့ပါတယ်။
ပိုချက်တီနိုရဲ့နေရာမှာ အစားထိုး ဝင်ရောက်လာခဲ့တဲ့ မာရက်စ်ကာဟာ ချယ်လ်ဆီးအသင်းကို ကွန်းဖရန့်လိဂ်နဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား ရယူပေးနိုင်ခဲ့ပေမယ့် အသင်း အကြီးအကဲတွေနဲ့ အဆင်မပြေခဲ့တာကြောင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီမှာ ထွက်ခွာခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ သူ့ရဲ့နေရာကို ဆက်ခံခဲ့တဲ့ ရိုစီနီယာကိုလည်း ထုတ်ပယ်ခဲ့ပြီး ရာသီကုန်အထိ မက်ဖာလိန်း ကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ဖို့ တာဝန်ပေးထားပါတယ်။
မက်ဖာလိန်းဟာ အသင်းကို FA ဖလားပြိုင်ပွဲမှာ အောင်မြင်မှု ရယူပေးပြီး လာမယ့်ရာသီ ဥရောပဝင်ခွင့် တစ်နေရာ ရရှိအောင် ကြိုးပမ်းပေးရတော့မှာပါ။
BlueCo ပိုင်ရှင်အဖွဲ့ရဲ့ လက်အောက်မှာ ဘယ်နည်းပြက ချယ်လ်ဆီးအသင်းရဲ့ နည်းပြထိုင်ခုံပေါ် လာရောက်ပြီး ထိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားတဲ့ သူတွေထဲမှာ နည်းပြဟောင်း မော်ရင်ဟို၊ ရီးရယ်လ် အသင်း နည်းပြဟောင်း အလွန်ဆို၊ ဘုန်းမောက်အသင်းကနေ ထွက်ခွာမယ့် အီရာအိုလာ၊ ပဲလေ့စ်အသင်းကနေ ထွက်ခွာမယ့် ဂလက်စ်နာ၊ ကိုမိုအသင်းကို ကိုင်တွယ်နေတဲ့ ဖာဘရီဂတ်စ်နဲ့ ဖူလ်ဟမ်အသင်းနည်းပြ မာကို ဆေးလ်ဗားတို့ ပါဝင်နေတာ ဖြစ်ပါတယ်။
