CNI Article

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅

မကြာသေးမီ လများအတွင်း နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားသော  ပြင်းထန်သည့် တိုက်ခိုက်မှု များကြောင့် ထိုဒေသတွင် ကာလကြာရှည် ဖြစ်ပွားနေသော သူပုန်ထမှုသည် ပျောက်ကွယ်သွားပြီဆိုသည့် ယူဆချက်မှာ အမှားတစ်ခုသာ ဖြစ်ကြောင်း ပေါ်လွင်သွားစေခဲ့သည်။

အကြမ်းဖက်မှုဖြစ်စဉ်များ ပိုမို များပြားလာသည်နှင့်အမျှ နိုင်ဂျီးရီးယားနိုင်ငံသား အများအပြားသည် လက်ခံရ ခက်ခဲသော အဖြစ်မှန်ကို ရင်ဆိုင်ရန် ငြင်းဆန်နေကြပြီး ယခုကဲ့သို့ အကြမ်းဖက်မှုများ ပြန်လည် ဖြစ်ပွားလာရ ခြင်းသည် နိုင်ဂျီးရီးယား၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် အမေရိကန် ပြန်လည် ပါဝင် ပတ်သက်လာခြင်းနှင့် ဆက်စပ် နေသည်ဆိုသည့် ထင်ကြေးပေးမှုများလည်း ထွက်ပေါ်လာခဲ့သည်။

အကြမ်းဖက်အဖွဲ့များနှင့် နိုင်ငံခြားသားများ ပူးပေါင်းကြံစည်နေသည်ဆိုသော အဆိုပြုချက်ကို နိုင်ဂျီးရီးယားတွင် လူအများက လွယ်ကူစွာပင် လက်ခံလေ့ရှိသည်။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက အမေရိကန် လွှတ်တော်အမတ် စကော့ပယ်ရီ (Scott Perry) က အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) သည် ဘိုကိုဟာရမ် (Boko Haram) အဖွဲ့အား ရန်ပုံငွေ ထောက်ပံ့ခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့သော်လည်း ထိုစွပ်စွဲချက်အတွက် မည်သည့် အထောက်အထားကိုမျှ တင်ပြနိုင်ခြင်း မရှိခဲ့ပေ။

ထိုအချိန်က နိုင်ဂျီးရီးယားဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရစ်ချတ် မေးလ်စ် (Richard Mills) က ပယ်ရီ၏ ပြောဆိုချက်ကို ငြင်းပယ်ခဲ့သော်လည်း အဆိုပါ စွပ်စွဲချက်မှာ အများပြည်သူနှင့် ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့ လွှမ်းမိုးနေခဲ့ပြီး ဖြစ်သည်။

ခရစ်ယာန် ဘုရားကျောင်းကိုတွေ့ရစဉ်

ထို့နောက် အမေရိကန် လွှတ်တော်အမတ်များဖြစ်ကြသည့် တက်ဒ် ခရုဇ် (Ted Cruz) နှင့် ခရစ် စမစ် (Chris Smith) တို့ကဲ့သို့သော အရာရှိများက နိုင်ဂျီးရီးယားတွင် ဖြစ်ပွားနေသော သတ်ဖြတ်မှုများသည် ခရစ်ယာန်များ ကိုသာ ဦးတည် ပစ်မှတ်ထားနေသည်ဟု မှားယွင်းစွာ စွပ်စွဲထားသည့် “ခရစ်ယာန် မျိုးဖြုတ်သတ်ဖြတ်မှု” (Christian genocide) ဟူသော ဇာတ်လမ်းကို ပိုမို အသားပေးထားသည့် မှတ်ချက်စကားများကို ပြောကြားခဲ့ကြ သည်။

ခရစ်ယာန်များအပေါ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်မှာ အမှန်ပင်ဖြစ်ပြီး မကြာသေးမီက ကာဒူနာပြည်နယ်ရှိ ဘုရားရှိခိုးကျောင်း တစ်ခုတွင် ဧပြီ ၅ ရက် (Easter Sunday) ၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမှာ သက်သေပင် ဖြစ်သည်။

သို့သော် ခရစ်ယာန်များ သာမကဘဲ မူဆလင် အသိုင်းအဝိုင်းများသည်လည်း ပုံမှန်ပစ်မှတ်ထား တိုက်ခိုက်ခံနေရ သည်။

လက်တွေ့ အမှန်တရားမှာ အကြမ်းဖက် အဖွဲ့များသည် ဘာသာတရား ခွဲခြားမှုမရှိဘဲ မဲမဲမြင်ရာ ရမ်းသန်း တိုက်ခိုက်နေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။

ထို့ကြောင့် ယခုအချိန်အခါတွင် လိုအပ်နေသည်မှာ ထင်ကြေးပေး ပြောဆိုနေမှုများကို နားယောင်နေခြင်းထက် နိုင်ဂျီးရီးယား မြောက်ပိုင်းတွင် အမှန်တကယ် ဖြစ်ပျက်နေသည့် အရာများကို အလေးအနက်ထား၍ ဆန်းစစ် လေ့လာရန် ဖြစ်သည်။

မကြာသေးမီက တိုက်ခိုက်မှုများအရ သူပုန် အဖွဲ့အစည်းများသည် အရင်ကကဲ့သို့ လက်နက်ကိုင်ကာ ကြိုတင် ခန့်မှန်းနိုင်သည့် ပုံစံမျိုးဖြင့် တိုက်ခိုက်သော ပုံစံအဟောင်းမှခွဲထွက်ပြီး အတိတ်က ဖြစ်ရပ်များကို သင်ခန်းစာ ယူကာ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်စွမ်းရှိလာသည်ကို သက်သေပြနေသည်။

အထူးသဖြင့် အနောက်အာဖရိကပြည်နယ်ရှိ ISIL ၏ လက်ခွဲအဖွဲ့ ISWAP သည် ဖွဲ့စည်းပုံနှင့် နည်းဗျူဟာများတွင် ပိုမိုလိုက်လျောညီထွေရှိလာခဲ့သည်။

ECOWAS အဖွဲ့ဝင် နိုင်ငံများကိုတွေ့ရစဉ်

ISWAP အဖွဲ့သည် ဘိုကိုဟာရမ်အဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားခဲ့ချိန်တွင် ဘိုကိုဟာရမ်အဖွဲ့ကို အားနည်းသွားစေခဲ့ပြီး ISWAP သည် ချဒ်ရေအိုင် (Lake Chad) ဒေသတွင် ပိုမိုစည်းစနစ်ကျပြီး အမြစ်တွယ်နေသော ခြိမ်းခြောက်မှု တစ်ခုအဖြစ် ကျန်ရှိစေခဲ့သည်။

ထို့နောက် ISWAP သည် ၎င်း၏ တည်ရှိမှုကို ခိုင်မာအောင် လုပ်ဆောင်ခဲ့ပြီး ဆမ်ဘီဆာတောအုပ် (Sambisa Forest) အတွင်းသို့ ချဲ့ထွင်ခဲ့ကာ အရပ်သားများနှင့် စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများကိုပါ တစ်ပြိုင်နက်တည်း ခြိမ်းခြောက်နိုင်သည့် နယ်မြေကို ကျယ်ပြန့်လာစေခဲ့သည်။

ISWAP သည် ၎င်း၏ တိုက်ခိုက်မှု ပုံစံများကိုလည်း ပိုမို ပြုပြင်ပြောင်းလဲလာခဲ့သည်။

သီးခြားအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သော တိုက်ခိုက်မှုများ၊ ညအချိန် ဝင်ရောက်တိုက်ခိုက်မှုများ၊ ချုံခိုတိုက်ခိုက် မှုများနှင့် ရန်သူကို ထိခိုက်ဒဏ်ရာ ရစေရုံသာမက စစ်ဘက်ဆိုင်ရာ အခြေစိုက် စခန်းများကို ဝိုင်းပတ်ပြီး စစ်ကူများ ရောက်ရှိလာမှုကို နှောင့်နှေးစေရန် ရည်ရွယ်သည့် စစ်ဆင်ရေးများကို လုပ်ဆောင်နိုင်စွမ်း ပိုမိုတိုးတက်လာသည်ကို ပြသနေသည်။

နိုင်ဂျီးရီးယား၏ ဘော်နို (Borno)၊ ယိုဘီ (Yobe) နှင့် အဒါမာဝါ (Adamawa) ပြည်နယ် တစ်ခုချင်းစီ၏ အရွယ် အစားမှာ ဥရောပတိုက်ရှိ နိုင်ငံတစ်နိုင်ငံချင်းစီ၏ အရွယ်အစားခန့် ရှိသည်။

ဘော်နိုင်ပြည်နယ်သည် အိုင်ယာလန်နိုင်ငံထက် အနည်းငယ်ပိုကြီးပြီး၊ ယိုဘီပြည်နယ်သည် ဆွစ်ဇာလန်နိုင်ငံခန့် ရှိကာ၊ အဒါမာဝါပြည်နယ်မှာ ဘယ်လ်ဂျီယမ်နိုင်ငံထက် အနည်းငယ် ပိုကြီးသည်။

ထိုမျှလောက် ကျယ်ပြန့်သော နယ်မြေများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် မည်သည့် နိုင်ငံအတွက်မဆို စိန်ခေါ်မှုတစ်ခု ဖြစ်စေမည်ဖြစ်ပြီး၊ အထူးသဖြင့် တည်ငြိမ်မှု ပျက်ယွင်းနေသည့် ဒေသတွင်းနိုင်ငံများနှင့် နယ်နိမိတ် ချင်း ထိစပ်နေသည့် အခါတွင် ပို၍ပင် ခက်ခဲလိမ့်မည်ဖြစ်သည်။

ရေကြီးမှုကို ကြုံတွေ့ရစဉ်

အနောက်အာဖရိကနိုင်ငံများ စီးပွားရေး အဖွဲ့အစည်း (ECOWAS) က နိုက်ဂျာတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ရှုတ်ချခဲ့ပြီးနောက် နိုက်ဂျာ စစ်ခေါင်းဆောင်များသည် ဘက်စုံပူးပေါင်းစစ်ဆင်ရေးတပ်ဖွဲ့ (Multinational Joint Task Force) မှ နုတ်ထွက်သွားခြင်းသည် ယခင်ကတည်းက တည်ငြိမ်မှု ပျက်ယွင်းနေသည့် အခြေအနေကို ပိုမို ဆိုးရွားစေပြီး အရှေ့မြောက်ပိုင်း စစ်မျက်နှာ၏ နယ်စပ်ကာကွယ်ရေးကို အားနည်းသွားစေခဲ့သည်။

နိုင်ဂျီးရီးယား၊ နိုက်ဂျာ၊ ကင်မရွန်းနှင့် ချဒ်နိုင်ငံတို့မှ တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီး N’Djamena မြို့ရှိ ဌာနချုပ် တွင် ဘီနင်နိုင်ငံမှ အနည်းငယ်သော တပ်ဖွဲ့ဝင်များ ပါဝင်သည့် ထိုပူးပေါင်းတပ်ဖွဲ့သည် ခက်ခဲသော နယ်မြေများ တွင် စစ်ဆင်ရေးများ လုပ်ဆောင်ရန်၊ သူပုန်များအတွက် လုံခြုံသော ခိုအောင်းရာ နေရာများ မရရှိစေရန်နှင့် နိုင်ငံ ခြား တိုက်ခိုက်ရေးသမားများ၏ ရွေ့လျားသွားလာမှုကို ကြားဖြတ်တားဆီးရန်အတွက် အရေးပါနေဆဲဖြစ်သည်။

သို့သော် ဒေသတွင်း အခြေအနေကို ဆန်းစစ်ခြင်းသည် လိုအပ်သော်လည်း ပြဿနာကို အပြည့်အဝ ဖြေရှင်း မပေးနိုင်ပေ။ 

သူပုန်ထမှုများသည် တစ်နေရာတည်းတွင် မဟုတ်ဘဲ နယ်စပ်ဖြတ်ကျော် ရွေ့လျားနေခြင်းကြောင့် အကြမ်းဖက် သမားများအတွက် လူသစ်စုဆောင်းခြင်း၊ အင်အားဖြည့်တင်းခြင်းတို့ဖြင့် သက်ဆိုးရှည်နေဆဲ ဖြစ်သည်။

ဆင်းရဲမွဲတေမှုနှင့် ပညာရေး ကင်းမဲ့မှုများသည် အကြမ်းဖက်ဝါဒကို တိုက်ရိုက် မဖန်တီးနိုင်သော်လည်း လူမှု အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရခြင်း၊ အစိုးရ အင်စတီကျူးရှင်းများ အားနည်းခြင်းနှင့် ဝါဒမှိုင်းတိုက်ရန် လွယ်ကူသည့် နေရာများတွင် အကြမ်းဖက် သမားများအတွက် လူသစ်စုဆောင်းရ လွယ်ကူနေသည်။

ထို့ကြောင့် နိုင်ဂျီးရီးယားမြောက်ပိုင်းရှိ ပညာရေး အကျပ်အတည်းကို ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုတစ်ခု အဖြစ်သာမက ပိုမိုကျယ်ပြန့်သော လုံခြုံရေးရပ်ဝန်းတစ်ခု၏ အစိတ်အပိုင်း တစ်ခုအဖြစ် ရှုမြင်သင့်သည်။

ပညာရေးသည် စာတတ်မြောက်ခြင်းနှင့် ဂဏန်းသင်္ချာစွမ်းရည်တို့ကို သင်ကြားပေးခြင်းထက် ပိုမိုကျယ်ပြန့် နက်ရှိုင်းသည့် သဘောသဘာဝရှိသည်။

နိုင်ဂျီးရီးယားနိုင်ငံထဲက မိသားစုတစ်စုကို တွေ့ရစဉ်

ပညာရေးသည် ဘဝရပ်တည်ရေး၊ လူမှုအသိုင်းအဝိုင်းတွင် ပူးပေါင်းပါဝင်ရေးတို့အတွက် လမ်းကြောင်းများကို အဖက်ဖက်မှ ပံ့ပိုးပေးသည်။

ထို့ကြောင့် လက်ရှိ အချိန်အခါတွင် နိုင်ဂျီးရီးယားနိုင်ငံ အနေဖြင့် သူပုန်တို့၏ ခိုအောင်းရာ နေရာများအပေါ် စစ်ရေးအရ ဆက်လက် ဖိအားပေးရန် လိုအပ်သည်မှာ အသေအချာပင်ဖြစ်သည်။

ပိုမိုခိုင်မာသော တပ်ဖွဲ့ဝင်များ၏ အကာအကွယ်၊ ပိုမိုတိကျသော ထောက်လှမ်းရေး၊ စောင့်ကြည့်လေ့လာမှုနှင့် ကင်းထောက်မှု၊ တိုးတက်ကောင်းမွန်သော ကျေးလက်နှင့် မြို့ပြလုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော် သံတမန်ရေးရာ အတွက် ပိုမိုလေးနက်သော ချဉ်းကပ်မှုတို့ကို လိုအပ်သည်။

သို့သော်လည်း ယခု အကျပ်အတည်းကို စစ်ရေးအရ ဆောင်ရွက်ချက် တစ်ခုတည်းဖြင့် ဖြေရှင်း၍ မရနိုင်ပေ။

အစိုးရအဆင့်ဆင့်တွင် လူမှုရေး၊ အဖွဲ့အစည်းဆိုင်ရာနှင့် ပညာရေးဆိုင်ရာ အစီအမံများကိုလည်း လိုအပ်သည်။

နိုင်ငံတော်သည် အစွန်းရောက်ဝါဒကို အင်အားသုံး၍သာမက ပညာရေးနှင့် လုပ်ငန်းဆောင်တာများ၊ ထိရောက် သည့် ဒေသန္တရ အဖွဲ့အစည်းများမှ တစ်ဆင့်ပါ ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။

အုပ်ချုပ်ရေးကို ပြန်လည်တည်ဆောက်ခြင်းနှင့် လူထု၏ ယုံကြည်မှုကို ပြန်လည်ရယူရမည်ဖြစ်ပြီး အကြမ်းဖက် မှုများ ပြန်လည် ဖြစ်ပွားစေသည့် လူမှုရေးနှင့် အဖွဲ့အစည်းဆိုင်ရာ ကွဲအက်မှုများကို ပိတ်ပင်တားဆီးရမည် ဖြစ်ပေသည်။

Source: အယ်လ်ဂျာဇီးယား