CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁
ပအိုဝ်းနှင့် အင်းသားတို့အကြား ဒေသတွင်း ပဋိပက္ခများ ဖြစ်ပေါ်စေရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်စေရေးတို့ အတွက် အပြင်းအထန် လှုံ့ဆော်ဖန်တီးနေကြသည်ကို သတိကြီးစွာထား၍ ရှောင်ရှားရုန်းထွက်ကြရန် ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က တိုက်တွန်းခဲ့သည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် PNFC က (၁၀)နှစ်မြောက် အင်းသားအမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ၌ ယခုလို တိုက်တွန်း ထားခြင်းဖြစ်သည်။
PNFC က “ယနေ့အချိန်အခါတွင် ပအိုဝ်းနှင့်အင်းသားတို့အကြား ဒေသတွင်း ပဋိပက္ခများ ဖြစ်ပေါ်စေရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်စေရေးတို့အတွက် စစ်အာဏာရှင်များနှင့် လက်ကိုင်တုတ်များက မဖြစ်ဖြစ်အောင် အပြင်းအထန် လှုံ့ဆော်ဖန်တီးနေကြသည်ကို သတိကြီးစွာထား၍ ရှောင်ရှားရုန်းထွက်ကြပါရန် ပအိုဝ်းပြည်သူများ နှင့် အင်းသားပြည်သူများအား အလေးအနက် ပန်ကြားတိုက်တွန်းပါသည်”ဟု ပြောသည်။
ပြည်ထောင်စုအရေးသည် ပအိုဝ်းနှင့် အင်းသားတို့၏ အရေးဖြစ်သကဲ့သို့ ပအိုဝ်းနှင့်အင်းသားတို့၏ အရေးသည် လည်း ပြည်ထောင်စုအရေးဖြစ်သည်ဟု ခံယူချက် တူညီကြသူများဖြစ်ကြောင်း PNFC ၏ သဝဏ်လွှာမှာ ဖော်ပြ ထားသည်။
PNFC ၏ သဝဏ်လွှာကို တွေ့ရစဉ်
အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ အပါအဝင် အင်းသားတော်လှန်ရေး အဖွဲ့အစည်းများစုပေါင်း၍ ခိုင်မာကျယ်ပြန့် အားကောင်းသော အင်းသားနိုင်ငံရေး ကိုယ်စားပြု ဦးဆောင်မှုတစ်ရပ် ပေါ်ပေါက်ရေးသည် အင်းသား တော်လှန် ရေးနှင့်အတူ လူထုနွေဦး တော်လှန်ရေး၏ လိုအပ်ချက်တစ်ရပ်ဖြစ်သည်ဟု ထိုသဝဏ်လွှာတွင် ပြေထားသည်။
ထိုဦးဆောင်မှုကို စုပေါင်းဖော်ဆောင်ကြရာတွင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ အနေဖြင့် မိမိတတ်စွမ်းသမျှ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု PNFC က ပြောသည်။
PNFC သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီး နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခြင်းကို ဆန့်ကျင်ရန် ဖွဲ့စည်းခဲ့သော ပအိုဝ်းလက်နက်ကိုင် ဖြစ်သည်။
PNFC ကို ဦးဆောင်သူ ခွန်မြင့်ထွန်းသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှာ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူဖြစ်သလို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုး ခဲ့သူဖြစ်သည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲတွင် ခွန်မြင့်ထွန်းသည် PNFC ကို ထူထောင်၍ မြန်မာ့တပ်မတော် ဖြုတ်ချရေးနှင့် စစ်အာဏာရှင် တော်လှန်ရေးဆိုကာ လက်နက်ကိုင် တော်လှန်ရေး အား ဆင်နွှဲလျက်ရှိသည်။