CNI International News

တီဟီရန်၊ ဒီဇင်ဘာ ၂၆

အိန္ဒိယသမုဒ္ဒရာအတွင်း ဓာတုပစ္စည်းများ တင်ဆောင်ထားသည့် သင်္ဘောတစ်စင်းကို အီရန်က တိုက်ခိုက်ခဲ့သည် ဆိုသည့် အမေရိကန်၏ စွပ်စွဲချက်အား အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။ 

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ နက်ဆာ ကာနာနီ (Nasser Kanaani)က ဒီဇင်ဘာ ၂၅ ရက် တွင် ပြုလုပ်ခဲ့သည့်် သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယကမ်းလွန်ရေပြင်တွင် မောင်းနှင်နေသည့် ဂျပန်နိုင်ငံပိုင် ဓာတုပစ္စည်းတင်သင်္ဘောကို အီရန်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဆိုသော အမေရိကန်၏ ပြောကြားချက်သည် မှားယွင်းကြောင်း ကာနာနီက ပြောသည်။

ဟူရ်သီသူပုန်များကိုတွေ့ရစဉ်

ပင်လယ်နီ (Red Sea) တွင် ယီမင်နိုင်ငံရှိ အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် ဟူရ်သီ (Houthi) သူပုန်များမှ ကုန်တင်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအပေါ် အကြီးအကျယ် ထိခိုက်နေချိန်၌ ဂျပန်နိုင်ငံပိုင် ဓာတုပစ္စည်းတင်သင်္ဘော တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး တင်းမာမှုများ မြင့်တက်လာခဲ့သည်။

ဟူရ်သီသူပုန်များကမူ ဂါဇာဒေသတွင် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန့်စေရန် ဖိအားပေးသည့် အနေဖြင့် အစ္စရေးနှင့် အဆက်အသွယ်ရှိသော သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

"ဒီစွပ်စွဲချက် (အမေရိကန်၏ စွပ်စွဲမှု) တွေဟာ အခြေအမြစ်မရှိဘဲ ပြတ်ပြတ်သားသား ငြင်းဆိုပါတယ်။ အဲဒီ စွပ်စွဲချက်တွေဟာ ဂါဇာဒေသမှာ အစ္စရေးအစိုးရရဲ့ ရာဇဝတ်မှုတွေကို ထောက်ခံပေးနေတဲ့ အမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဖုံးကွယ်ဖို့နဲ့ လူတွေကို အာရုံလွှဲတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်" ဟု ကာနာနီက ပြောကြား ခဲ့သည်။ 

 အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်

ဒီဇင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အရ အိန္ဒိယနိုင်ငံ၏ ကမ်းလွန် ရေမိုင် ၂၀၀ ( ကီလိုမီတာ ၃၇၀) အကွာအဝေးတွင် မောင်းနှင်နေသော ဂျပန်နိုင်ငံပိုင် MV Chem Pluto သင်္ဘောသည် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုသင်္ဘောသည် အစ္စရေးနှင့်် ဆက်နွှယ်မှုရှိပြီး ဆော်ဒီအာရေဗျနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ဦးတည်မောင်းနှင်နေချိန် တွင် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ပင်လယ်ရေကြောင်း လုံခြုံရေးကုမ္ပဏီ Ambrey က ပြောကြားခဲ့သည်။ 

ထိုဖြစ်စဉ်သည် ဟူရ်သီသူပုန်များ တိုက်ခိုက်နေသည့် ပင်လယ်နီ၏ အပြင်ဘက်တွင် ပထမဆုံးအကြိမ်အဖြစ် ကုန်တင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရသော ဖြစ်စဉ်ဖြစ်သည်။

Source: အယ်လ်ဂျာဇီးယား