CNI International News

ကိယက်ဗ်၊ ဒီဇင်ဘာ ၂၆

ရုရှား၏ ညအချိန် တိုက်ခိုက်မှုအတွင်း ရုရှားတိုက်လေယာဉ်နှစ်စင်း၊ ခရုစ်ဒုံးကျည် နှစ်စင်းနှင့် Shahed အမျိုး အစား ဒရုန်း ၂၈ စင်းကို ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းလေတပ်က ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

ရုရှားသည် ယူကရိန်း၏ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုများ ကြောင့် ထိခိုက်သူနှင့် သေဆုံးသူ ရှိ/မရှိ သတင်းများ ချက်ချင်းထွက်ပေါ်ခြင်း မရှိခဲ့ပေ။

ရုရှားသည် ဒရုန်း စုစုပေါင်း ၃၁ စင်းကို ပစ်လွှတ်ခဲ့သော်လည်း ယူကရိန်းလေတပ်က ၂၈ စင်းကို ပစ်ချနိုင်ခဲ့ကာ ကျန်ဒရုန်း ၃ စင်းသည် ပစ်မှတ်များကို ထိမှန်ခဲ့ခြင်း ရှိ/မရှိ ယူကရိန်းလေတပ်က အသေးစိတ် ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

ယူကရိန်းနိုင်ငံအတွင်းက တစ်နေရာ ပျက်စီးမှုကိုတွေ့ရစဉ်

ယူကရိန်းသမ္မတရုံးက အကျဉ်းချုံး ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရုရှား၏ တိုက်ခိုက်မှုများ ကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ရုရှားတပ်များ၏ ထိန်းချုပ်မှု အောက်တွင်ရှိနေပြီး တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့် ခါဆွန် (Kherson) ဒေသရှိ ချာနိုဘစ်ဗ်ကာ (Chornobaivka) မြို့တွင် အရပ်သားတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယူကရိန်းသည် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သည့် ခရစ္စမတ်နေ့ကို အစိုးရရုံး ပိတ်ရက်အဖြစ် ပထမဆုံး အကြိမ် သတ်မှတ်ခဲ့ပြီး ရုရှား အပါအဝင် အော်သိုဒို့စ် ခရစ်ယာန်ဘာသာ ကိုးကွယ်သည့် နိုင်ငံများကမူ ဇန်နဝါရီ ၇ ရက်ကို ခရစ္စမတ်နေ့အဖြစ် သတ်မှတ်ထားသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးသည် ဇူလိုင်လအတွင်းက အစိုးရရုံးပိတ်ရက် ပြောင်းလဲသည့် ဥပဒေကို လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။ 

ယူကရိန်းတွင် အော်သိုဒို့စ် ခရစ်ယန်ဘာသာဝင်များက လွှမ်းမိုးထားသော်လည်း ယူကရိန်း အော်သိုဒို့စ် ဘုရားကျောင်းနှင့် ရုရှားအော်သိုဒို့စ် ဘုရားကျောင်းအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပွားခဲ့သည်။

Source: အေပီ