CNI International News

ကိယက်ဗ်၊ မတ်လ ၂၉ 

အိန္ဒိယသည် အရေးကြီးသည့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်နိုင်ငံဖြစ်ပြီး သြဇာကြီးမားသည့် နိုင်ငံတကာ၏ အသံဖြစ် ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာ (Dmytro Kuleba)က အိန္ဒိယသို့သွားရောက်မည့် ခရီးစဉ်မတိုင်မီ မတ်လ ၂၇ ရက်တွင် ပြောကြားခဲ့ကြောင်း The Print သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

၎င်း၏ အိန္ဒိယခရီးစဉ်အတွင်း အိန္ဒိယ-ယူကရိန်း ဆက်ဆံရေးများကို ပိုမိုတိုးတက်စေရန် မျှော်လင့်ကြောင်းလည်း ကူလီဘာက ပြောသည်။

မတ်လ ၂၇ ရက်က အွန်လိုင်းမှတစ်ဆင့် အမှာစကား ပြောကြားရာတွင် ကူလီဘာက "အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ (S Jaishankar) ရဲ့ ဖိတ်ကြားချက်အရ ကျနော်ဟာ နယူးဒေလီကို သွားရောက်မယ့် အကြောင်းကို ကြေညာခဲ့ပြီးပါပြီ" ဟု ပြောကြားခဲ့သည်။

ထိုခရီးစဉ်သည် မိမိ၏ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ၇ နှစ်အတွင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးတစ်ဦးက အိန္ဒိယသို့ သွားရောက်သည့် ခရီးစဉ်လည်းဖြစ်ကြောင်း၊ ထိုခရီးစဉ်သည် အိန္ဒိယ-ယူကရိန်း ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။

 ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာနဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာတို့ကို တွေ့ရစဉ်

မကြာသေးမီက အိန္ဒိယဝန်ကြီးချုပ်မိုဒီ ( Narendra Modi )သည် ယူကရိန်းသမ္မတ ဇာလန်းစကီး (Zelenskyy) နှင့် စကားစမြည် ပြောဆိုခဲ့ကြပြီး ခေါင်းဆောင်နှစ်ဦးစလုံးသည် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် မကြာမီ ပြုလုပ်မည့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံ အကြောင်းကို ဆွေးနွေးခဲ့ကြသည်ဟု ကူလီဘာက ပြောသည်။

“ကျနော့်ရဲ့ ခရီးစဉ်ဟာ ကျနော်တို့ရဲ့ ဆက်ဆံရေးကို ပိုမိုတိုးတက်စေမယ့် သဘောတူညီချက်တွေရရှိဖို့ အထောက် အကူ ဖြစ်စေပါလိမ့်မယ်။ အိန္ဒိယဟာ သြဇာကြီးမားတဲ့ နိုင်ငံတကာ အသံတစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အရေးကြီး တဲ့ အင်အားစုဖြစ်တယ်လို့ ယူကရိန်းက ရှုမြင်ထားပါတယ်။ ကျနော်တို့ဟာ ကျနော်တို့ နိုင်ငံတွေအတွက် အကျိုးရှိ မယ့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်မြောက်စေလိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု ကူလီဘာက ပြောကြားခဲ့သည်။

ထိုခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးများ အပါအဝင် ယူကရိန်း-အိန္ဒိယ အစိုးရအချင်းချင်း ဆက်ဆံရေး ကော်မရှင် အစည်းအဝေးနှင့် အခြားဆွေးနွေးပွဲများကို ပြုလုပ်ရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။

ကူလီဘာသည် မတ်လ ၂၈ ရက်မှ ၂၉ ရက်အထိ သွားရောက်မည့် ၂ ရက်ကြာ အိန္ဒိယခရီးစဉ်အတွင်း ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများအပေါ် ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံရေး အခြေအနေများကို ဆွေးနွေးသွား မည်ဖြစ်သည်။

ထိုဆွေးနွေးမှုများအတွင်း အရေးကြီးသည့် အခြားအကြောင်းအရာ တစ်ခုအဖြစ် လေကြောင်းကာကွယ်ရေး ဆွေးနွေးမှုများကိုလည်း ပြုလုပ်သွားမည်ဟု ကူလီဘာက ထပ်လောင်း ပြောကြားခဲ့သည်။

Source: The Print