CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၉

ရခိုင်အမျိုးသားပါတီ (ANP) မှာ ပါတီမှတ်ပုံတင် လျှောက်ထားရာမှာ (၁)နှစ်ပြည့်သည်အထိ ကြာလာသော်လည်း မှတ်ပုံတင်ချပေးခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လ နောက်ဆုံးအပတ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ပါတီ မှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့ကြောင်း၊ မိမိတို့ပါတီကို မှတ်ပုံတင် မချပေးခြင်းက ၎င်းတို့မှာ ရည်ရွယ်ချက် ရှိကြောင်း ANP မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မတ်လဆိုရင် ပြည့်ပြီ ၁ နှစ်၊ ပြည့်သွားပြီ။ ကျော်သွားပြီ။ မနှစ်က ကျနော်တို့ တင်ထားတာ မတ်လပဲ၊ အခု မတ်လဆို ပြည့်ပြီပေါ့၊ ၁ နှစ်၊ ဒါက ရည်ရွယ်ချက်ရှိပါတယ်။ မှတ်ပုံတင် ချမပေးတာမှာ ရည်ရွယ်ချက်ရှိတယ်၊ ကျနော်တို့က အဲဒီလို သုံးသပ်တယ်၊ တိုက်ပွဲ မရှိခင်ကတည်းက ချမပေးတာလေ၊ တိုက်ပွဲဖြစ်တာက အခုမှ ဖြစ်နေ တာ၊ ကျနော်တို့ပါတီ မှတ်ပုံတင်လျှောက်တာက မနှစ်ကတည်းက လျှောက်ထားတာ၊ အဲဒါကြောင့် မှတ်ပုံတင် ချမပေးတာဆိုတာမှာ တစ်စုံတစ်ရာ ရည်ရွယ်ချက် ရှိကိုရှိတယ်လို့ ကျနော်တို့က အဲဒီလို သုံးသပ်တယ်” ဟု ပြော သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်

UEC က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ရမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် UEC ထံ ပြန်လည်၍ မှတ်ပုံတင်ခဲ့သော နိုင်ငံရေးပါတီများအနက် ပါတီ ၄၀ ကျော်အား မှတ်ပုံတင် ချထားပေးပြီး ဖြစ်သည်။

UEC က နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ရန် ထုတ်ပြန်ခဲ့သော်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ပါတီအချို့မှာ ပြန်လည် မှတ်ပုံတင်ခြင်း မရှိပေ။

မိမိတို့ပါတီအနေဖြင့် ပြည်သူလူထု၏ နစ်နာချက်များကို နိုင်ငံရေးအရ လုပ်ဆောင်နိုင်ရန် ပါတီမှတ်ပုံတင် ခဲ့ကြောင်း၊ သို့သော်လည်း မိမိတို့ ANP ပါတီကို မည်သည့်အတွက်ကြောင့် မှတ်ပုံတင် မချပေးသလဲဆိုသည်မှာ မသိရှိကြောင်း ANP မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြော သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “ကျနော်တို့ ရခိုင်အမျိုးသားပါတီကတော့ အားလုံးသိတဲ့အတိုင်းပါပဲ ရခိုင်ပြည်နယ်မှာ ပြည်သူလူထု ထောက်ခံမှု အများဆုံးနဲ့ ရွေးကောက်ပွဲ အဆင့်ဆင့်မှာ အများဆုံး အနိုင်ရခဲ့တဲ့ ပါတီတစ်ခုဖြစ်တယ်၊ ဥပဒေနဲ့အညီ ဆောင်ရွက်တယ်၊ ကျနော်တို့က နိုင်ငံရေးအရ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ကျနော်တို့ ကိုယ်စားပြုပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ ဖြစ်တဲ့အတွက် ကျနော်တို့က ပြည်သူလူထုရဲ့ နစ်နာချက်တွေ ထိခိုက်မှုတွေ လိုအပ်ချက်တွေကို ကျနော်တို့ နိုင်ငံရေးအရ ထောက်ပြခဲ့တယ်။ ကျနော်တို့ကတော့ ကိုယ့်ဟာကိုယ် နိုင်ငံရေးအရ ဥပဒေနဲ့အညီ လုပ်ဆောင်မယ်လို့ ကျနော်တို့က အလေးအနက် ယနေ့ထက်ထိတိုင် ခိုင်ခိုင်မာမာ ကျနော်တို့ ယုံကြည်ထားတယ်။ ကျနော်တို့ ဥပဒေနဲ့အညီ ထပ်ပြီးတော့ မှတ်ပုံတင်တယ်၊ ဒါပေမဲ့ ဒီလိုမျိုး ရွေးကောက်ပွဲ ကော်မရှင်က ဘယ်လို အကြောင်းတွေကြောင့် ကျနော်တို့ကို ဒီကနေ့အထိ မှတ်ပုံတင် မချပေးသေးဘူးလဲဆိုတာကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ပဲ သိနိုင်ပါလိမ့်မယ်၊ ကျနော်တို့ ကတော့ ဥပဒေနဲ့အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့အတွက် လျှောက်ထားပြီး ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်အမျိုးသားပါတီ (ANP) အပါအဝင် မွန်ညီညွတ်ရေးပါတီ (MUP) တို့ကိုလည်း UEC က မှတ်ပုံတင် ချပေးခြင်း မရှိသေးကြောင်း သိရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခု ၂၀၂၄ ခုနှစ်ကို သန်းခေါင်စာရင်း အပြီးသတ် ကောက်ယူမည် ဖြစ်ကြောင်း၊ ထိုနောက် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရရှိသည့် နိုင်ငံရေး ပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။