CNI International News

တိုင်ပေ၊ မတ်လ ၂၉

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် မည်သူ အနိုင်ရသည်ဖြစ်စေ၊ ထိုင်ဝမ်အပေါ်ထားရှိသည့် အမေရိကန်၏ ထောက်ခံမှုသည် ပြောင်းလဲမည်မဟုတ်ဟု ယုံကြည်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၈ ရက်၌ ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

သို့သော် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ အရှိန်မြင့်တက်နေချိန်တွင် ထိုင်ဝမ်-တရုတ် ပြဿနာသည် နိုင်ငံရေးအရ ကြိုးကိုင်ခြယ်လှယ်ခြင်း ခံရနိုင်ကြောင်း ထိုင်ဝမ်က ပြောသည်။

ဒေါ်နယ်ထရမ့် (Donald Trump) အစိုးရလက်ထက်ကလည်း ထိုင်ဝမ်သည် အမေရိကန်၏ ထောက်ခံမှုများ ရရှိခဲ့ပြီး ရာထူးမြင့် အမေရိကန်အရာရှိများ ထိုင်ဝမ်သို့ လာရောက်ခြင်းနှင့် လက်နက်ရောင်းချမှုတို့ရှိခဲ့သည်။

ထိုလုပ်ဆောင်ချက်များသည် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ အစိုးရလက်ထက်တွင်လည်း ဆက်လက် တည်မြဲခဲ့သည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နဲ့ အမေရိကန်လွှတ်တော်အမတ်ကို တွေ့ရစဉ်

ထိုင်ဝမ်လွှတ်တော်အမတ်များထံ ပေးပို့သည့် အစီရင်ခံစာတွင် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန် ရွေးကောက်ပွဲ ရလဒ်သည် သေချာမှုမရှိသည့်တိုင် အမေရိကန်၏ ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီတို့ သည် ထိုင်ဝမ်ကို ထောက်ခံထားကြောင်း ဖော်ပြခဲ့သည်။

ထိုင်ဝမ်အနေဖြင့် အမေရိကန်၏ ပါတီနှစ်ရပ်စလုံးနှင့် ဆက်ဆံရေးကို ဟန်ချက်ညီစွာ ဆက်လက် ထိန်းသိမ်းသွား မည်ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

"အမေရိကန်ရွေးကောက်ပွဲ အရှိန်ရလာတာနဲ့အမျှ ထိုင်ဝမ်ရေလက်ကြား ပြဿနာတွေဟာ နိုင်ငံရေးအရ ကြိုးကိုင်ခြယ်လှယ်ခံရနိုင်မယ့် အခြေအနေကို ကျနော်တို့ သတိပြုဖို့လိုပါတယ်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မတ်လ ၂၈ ရက်တွင် အမေရိကန်လွှတ်တာ်အမတ်ဖြစ်သည့် ရီပတ်ဘလစ်ကန်ပါတီဝင် ဂျက် ဘာ့ချ်မန်း (Jack Bergman) သည် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) နှင့် တိုင်ပေမြို့တော်၌ အစည်းအဝေး ပြုလုပ် ခဲ့ချိန်က ၎င်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်အား ဆက်လက် ထောက်ခံသွားမည်ဟု ပြောကြား ခဲ့သည်။

"ကျနော်တို့ဟာ ဒေသတွင်း လုံခြုံရေးအတွက် အဓိကကျတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမှာ ကျနော်တို့ရဲ့ ရောင်းရင်းတွေကို ဆက်လက် ထောက်ခံသွားမှာပါ" ဟု ဘာ့ချ်မန်းက ပြောကြားခဲ့သည်။

ဘာ့ချ်မန်းနှင့်အတူ ထိုင်ဝမ်သို့ လာရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့တွင် ဒီမိုကရက်တစ် လွှတ်တော်အမတ်များ ဖြစ်သည့် ဒေါ်နယ် နော်ခရော့စ် (Donald Norcross) နှင့် ဂျင်မီ ပါနက်တာ ( Jimmy Panetta) တို့လည်း ပါဝင်ခဲ့ သည်။

Source: ရိုက်တာ