CNI International News

မော်စကို၊ မတ်လ ၂၉

ရုရှားသည် နေတိုးအဖွဲ့ဝင်နိုင်ငံများ၊ ပိုလန်နှင့် ဘော်လ်တစ်နိုင်ငံများ သို့မဟုတ် ချက်သမ္မတနိုင်ငံများကို တိုက်ခိုက်သွားမည်မဟုတ်ကြောင်း ရုရှားသမ္မတ ပူတင် (Vladimir Putin)က မတ်လ ၂၇ ရက်တွင် ပြောကြား ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

သို့သော် အနောက်အုပ်စု အနေဖြင့် ယူကရိန်းကို F-16 တိုက်လေယာဉ်များ ထောက်ပံမည်ဆိုပါက ရုရှားတပ်ဖွဲ့များ ၏ ပစ်ချခြင်းကို ခံရမည်ဖြစ်ကြောင်း ပူတင်က ပြောသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက် ရုရှားနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးသည် ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် အကျပ်အတည်းနောက်ပိုင်း အဆိုးရွားဆုံး အဆင့်အထိ ကျဆင်းခဲ့သည်။

ပူတင်သည် ရုရှားလေတပ်မှ ပိုင်းလော့များကို အမှာစကား ပြောကြားချိန်တွင် အမေရိကန်ဦးဆောင်သော နေတိုး အဖွဲ့သည် ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့သည့် ၁၉၉၁ ခုနှစ်နောက်ပိုင်း ရုရှားကို ဦးတည်ပြီး အရှေ့ဘက်စူးစူးအရပ်သို့ အင်အားချဲ့ထွင်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ဇာလန်းစကီး တိုက်လေယာဉ်ကို လေ့လာနေစဉ်

သို့သော် မိမိတို့အနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံကို တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်းလည်း ပူတင်က ပြောသည်။

"ကျနော်တို့ဟာ အဲဒီနိုင်ငံတွေအပေါ် ရန်လိုတဲ့ သဘောထားမရှိပါဘူး။ ကျနော်တို့ဟာ ပိုလန်၊ ဘော်လ်တစ်နိုင်ငံ တွေနဲ့ ချက်နိုင်ငံကို တိုက်ခိုက်လိမ့်မယ်ဆိုတဲ့ အယူအဆတွေဟာ အခြေအမြစ် မရှိပါဘူး။ အဲဒါဟာ ပေါက်ကရ စကားတွေ ဖြစ်ပါတယ်" ဟု ပူတင်က ပြောကြားခဲ့သည်။ 

အမေရိကန်သည် ယူကရိန်းကို ငွေကြေးများ၊ လက်နက်များနှင့် ထောက်လှမ်းရေးသတင်းများ ထောက်ပံ့ပေးခြင်း ဖြင့် ရုရှားကို တိုက်ခိုက်နေကြောင်း ရုရှားအစိုးရက စွပ်စွဲထားပြီး အမေရိကန်နှင့် ဆက်ဆံရေးသည် အဆိုးရွားဆုံး အနေအထားသို့ ရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အနောက်နိုင်ငံများမှ ယူကရိန်းသို့ ပေးပို့မည်ဟု ကတိပြုထားသည့်  F-16 တိုက်လေယာဉ်များနှင့် ပတ်သက်ပြီး မေးမြန်းခံရချိန်တွင် ပူတင်က ထိုလေယာဉ်များ ပေးပို့ခြင်းဖြင့် ယူကရိန်းစစ်ပွဲ အခြေအနေကို ပြောင်းလဲစေမည် မဟုတ်ကြောင်း ဖြေကြားခဲ့သည်။

"သူတို့က F-16 လေယာဉ်တွေ ထောက်ပံ့ပေးမယ်ဆိုရင် ကျနော်တို့က အဲဒီလေယာဉ်တွေကို ပစ်ချမှာပါ။  အနောက်နိုင်ငံတွေ ထောက်ပံ့ပေးခဲ့တဲ့ တင့်ကားတွေ၊ ကျည်ကာကားတွေကို ကျနော်တို့ တပ်ဖွဲ့တွေက ဖျက်ဆီးနေသလိုမျိုး လေယာဉ်တွေကိုလည်း ဖျက်ဆီးပစ်မှာပါ" ဟု ပူတင်က ပြောကြားခဲ့သည်။

Source: ရိုက်တာ