CNI International News
ဘေဂျင်း၊ မေလ ၁၅
တရုတ်သည် အိန္ဒိယနှင့် အငြင်းပွားနေသည့် နယ်စပ်အနီးရှိ နယ်နိမိတ်များကို ပိုင်ဆိုင်ကြောင်း ကြေညာချက်များ ထပ်မံ ထုတ်ပြန်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုဒေသရှိ နယ်နိမိတ်များ၏ အမည်များကို တရုတ်က သတ်မှတ် ကြေညာခဲ့ခြင်းဖြစ်ပြီး အများစုသည် အိန္ဒိယက ထိန်းချုပ်ထားသည့် နယ်နိမိတ်များဖြစ်သည်။
မကြာသေးမီက နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးများ တိုးမြင့်စေရန် အားထုတ်ကြိုးပမ်းမှုများ ရှိခဲ့သည့်တိုင် တရုတ်ပြည်သူ့ရေးရာဝန်ကြီးဌာနသည် အာရုနာချယ် ပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်ရှိ နယ်မြေ များ၏ အမည်များကို ထုတ်ပြန်ခဲ့သည်။
အာရုနာချယ်ပရာဒေ့ရှ် ပြည်နယ်ကို တရုတ်က ကျန်းနန် ( Zangnan) ဟု အမည်မှည့်ခေါ်ခဲ့ပြီး ထိုပြည်နယ်သည် တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အစိတ်အပိုင်းဖြစ်ကြောင်း ကြေညာထားသည်။
အိန္ဒိယနဲ့တရုတ် နယ်နိမိတ် အငြင်းပွားနေတဲ့ နေရာကိုတွေ့ရစဉ်
တရုတ်ပြည်သူ့ရေးရာဝန်ကြီးဌာနက အမည်မှည့်ခေါ်ခဲ့သည့် နေရာ ၂၇ နေရာအနက် တောင် ၁၅ ခု၊ လူနေဒေသ ၅ ခု၊ တောင်ကြားလမ်း ၄ ခု၊ မြစ် ၂ စင်းနှင့် ရေကန် ၁ ကန် ပါဝင်သည်။
ထိုနယ်မြေဒေသ တစ်ခုချင်းစီကို တရုတ်က တရုတ်အမည်များဖြင့် ပြောင်းလဲကြေညာခဲ့ပြီး နယ်မြေများ၏ တည်နေရာကို လတ္တီကျု၊ လောင်ဂျီကျုများဖြင့် အသေးစိတ် ထုတ်ပြန်ခဲ့သည်။
ပထဝီဝင် အမည်များကို စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး နိုင်ငံတော်ကောင်စီ၏ သင့်တော်သည့် ပြဋ္ဌာန်းချက်များနှင့် အညီ မိမိတို့သည် တရုတ်၏ ကျန်းနန်ဒေသရှိ ပထဝီဝင် အမည်အချို့ကို စံသတ်မှတ်ချက်ဖြင့် ကြေညာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အိန္ဒိယကမူ တရုတ်၏ ကြေညာချက်သည် အနှစ်သာရကင်းမဲ့ပြီး ယုတ္တိမရှိကြောင်း မေလ ၁၄ ရက်က တုံ့ပြန်ခဲ့ သည်။
အာရုနာချယ်ပရာဒေ့ရှ်၏ ငြင်းပယ်နိုင်စွမ်းမရှိသည့် အမှန်တရားကို အမည်များ ပြောင်းလဲရုံဖြင့် ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း၊ ထိုပြည်နယ်သည် အိန္ဒိယ၏ ခွဲခြားမရနိုင်သည့် အစိတ်အပိုင်း တစ်ခုအဖြစ် အမြဲတမ်း ဆက်လက် တည်ရှိနေလိမ့်မည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Source: South China Morning Post