CNI International News 

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၄

အကျဉ်းချခံထားရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) သည် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာလိမ့်မည်ဟု Thai PBS World မှ ဖော်ပြခဲ့သည်။

သက်ဆင်သည် ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ခွင့် ရရှိသည့် အကျဉ်းသား ၉၃၉ ဦးတွင် ပါဝင်ခဲ့သည်ဟု ထိုင်း တရားရေးဝန်ကြီး တာဝီဆော့ဒွန် (Tawee Sodsong)က ဖေဖော်ဝါရီ ၁၃ ရက်၌ ပြောကြားခဲ့သည်။

ထိုကဲ့သို့ ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်ခွင့်ရရှိသည့် စာရင်းတွင် ပါဝင်သည့် အကျဉ်းသားများကို ယခင် ကတည်းက အတည်ပြုခဲ့ပြီးဖြစ်သည်ဟု တာဝီက ပြောသည်။

ထိုင်း တရားရေးဝန်ကြီး တာဝီဆော့ဒွန်ကို တွေ့ရစဉ်

၎င်းက “စာရိတ္တပြန်လည်ပြုပြင်ထိန်းရေးဌာနဟာ ခံဝန်နဲ့ ပြန်လည်လွတ်မြောက်ခွင့်ပေးမယ့် အကျဉ်းသားစာရင်း ကို အဆိုပြုခဲ့ပါတယ်။ အဲဒီ အကျဉ်းသား ၉၄၅ ဦးထဲက ၉၃၀ ဟာ ဖျားနာသူတွေ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသူတွေနဲ့ အသက် ၇၀ ကျော် အရွယ်တွေဖြစ်ပြီး ခံဝန်နဲ့ပြန်လွတ်ခွင့်ရဖို့ စံသတ်မှတ်ချက်တွေနဲ့ ပြည့်စုံ သူတွေဖြစ်ပါတယ်” ဟု ပြောသည်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်သည် ဆိုးရွားစွာ နာမကျန်းဖြစ်နေပြီး ရဲတပ်ဖွဲ့ အထွေထွေဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရသည်။ 

သူသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လက အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် အကျဉ်းကျခံခဲ့ရသော်လည်း အကျဉ်းထောင်တွင် နာရီအနည်းငယ်သာ နေထိုင်ခဲ့ရကာ ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရသည်။

အာဏာရ ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ကမူ ၎င်းတို့မိသားစု သည် သက်ဆင်ကို ထောင်မှလွတ်မြောက်ပြီးနောက်ပိုင်း သက်ဆင်အတွက် ချန်ဆွန်လာ (Chansongla) နေအိမ် တွင် နေထိုင်နိုင်ရန် ပြင်ဆင်ပေးထားကြောင်း ပြောကြားခဲ့သည်။

Source: Thai PBS World