CNI International News

ဂျေရုဆလင်၊ နိုဝင်ဘာ ၂၇

လက်ဘနွန်နိုင်ငံတွင် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် ပြင်သစ်သမ္မတ မက်ခရွန် (Emmanuel Macron) တို့က မကြာမီ ကြေညာလိမ့်မည်ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

မိမိတို့အနေဖြင့် အပစ်အခတ်ရပ်စဲရေး ကြေညာရန် နီးစပ်နေပြီဖြစ်ကြောင်း၊ သို့သော် အရာရာကို အပြီးသတ် မလုပ်ဆောင်ရသေးချိန်အထိ ကြေညာမည် မဟုတ်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်၏ အမျိုးသား လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ (John Kirby) က ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ မက်ခရွန်ကမူ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများသည် တိုးတက်မှုရှိကြောင်း ပြောကြားခဲ့သည်။

အစ္စရေး ထိပ်သီးအရာရှိ တစ်ဦးကလည်း အစ္စရေးအစိုးရအဖွဲ့သည် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးကို အတည်ပြုရန်အတွက် အစည်းအဝေး ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

အစ္စရေးသည် စက်တင်ဘာလကစပြီး လက်ဘနွန်တွင် ထိုးစစ်ဆင် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကာ ဘေရွတ် (Beirut) မြို့တော်ရှိ ဟစ်ဇ်ဘိုလာတို့ ထိန်းချုပ်ထားသည့် ရပ်ကွက်များကို ပြင်းထန်စွာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ် နေချိန်၌ သံတမန်ရေးအရ အဖြေရှာနိုင်မည့် အရိပ်လက္ခဏာများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

အဆောက်အအုံတစ်ခု တိုက်ခိုက်ခံရမှုကို မှတ်တမ်းတင်နေကြစဉ်

အစ္စရေးနှင့် လက်ဘနွန်အကြား အပစ်အခတ်ရပ်စဲရေးအတွက် မူအရ သဘောတူခဲ့သည်ဆိုသည့် သတင်းများကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) ၏ ရုံးက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ် ဒန်နီ ဒါနွန် (Danny Danon) ကမူ အစ္စရေးအနေဖြင့် မည်သည့် သဘောတူ ညီချက် ရရှိသည်ဖြစ်စေ လက်ဘနွန်တောင်ပိုင်းကို တိုက်ခိုက်မည့် စစ်ရေးစွမ်းဆောင်ရည်ကို ဆက်လက် ထိန်းသိမ်းထားမည်ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရန် သဘောထား ကွဲလွဲမှုများမှာ ကျဉ်းမြောင်းလာပြီ ဖြစ်သော်လည်း အပြီးသတ် သဘောတူညီချက် ရရှိရန်အတွက် အချက်အလက် အချို့ကို လုပ်ဆောင်ရန် လိုနေသေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မက်သူး မီလာ (Matthew Miller) က ပြောကြားခဲ့သည်။

"သဘောတူညီချက်ရဲ့ နောက်ဆုံး အဆင့်တိုင်းဟာ အမြဲလိုလို ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အခက်ခဲဆုံး ပြဿနာတိုင်းဟာ နောက်ဆုံးအချိန်အထိ ရှိနေလို့ဖြစ်ပါတယ်" ဟု မီလာက ပြောကြားခဲ့သည်။

Source: ရိုက်တာ