CNI International News

မော်စကို၊ စက်တင်ဘာ ၁၈

ရုရှားသမ္မတ ပူတင် ( Vladimir Putin ) သည် ရုရှားစစ်တပ်အတွင်း စစ်သားအရေအတွက် ၁၈၀,၀၀၀ ခန့် ထပ်မံ စုဆောင်းပြီး စစ်သားအင်အားကို ၁ ဒသမ ၅ သန်းအထိ ရှိလာအောင်မြှင့်တင်ရန် စက်တင်ဘာ ၁၇ ရက်က အမိန့် ထုတ်ပြန်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ယခု ထုတ်ပြန်ချက်သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် တတိယ အကြိမ်မြောက် ရုရှားစစ်သားအင်အားကို မြှင့်တင်မှုဖြစ်သည်။

ကရင်မလင် (Kremlin) နန်းတော်၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် အမိန့်ပြန်တမ်း၌ ပူတင်သည် အရန်တပ်ဖွဲ့ ဝင်များနှင့် တန်းပြည့်စစ်မှုထမ်းအင်အား စုစုပေါင်းကို ၂ ဒသမ ၃၈ သန်းအထိ တိုးမြှင့်ရန်နှင့် ၎င်းတို့အနက် ၁ ဒသမ ၅ သန်းကို တန်းပြည့်စစ်မှုထမ်းများအဖြစ် တာဝန်ထမ်းဆောင်ရန် ညွှန်ကြားထားသည်။

၂၀၂၂ ခုနှစ် နောက်ပိုင်း ထုတ်ပြန်ခဲ့သည့် ယခင် စစ်အင်အားမြှင့်တင်မှု အမိန့်များတွင် စစ်သားအင်အားကို ၁၃၇,၀၀၀ နှင့် ၁၇၀,၀၀၀ စီ အသီးသီး မြှင့်တင်ရန် ညွှန်ကြားခဲ့သည်။\

ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်

ထို့ပြင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း ရုရှားသည် စစ်သားအင်အား ၃၀၀,၀၀၀ ကျော်ကို စုဆောင်းခဲ့သည်။ 

ထိုအစီအစဉ်ကြောင့် စစ်မှုထမ်းရန် အကျုံးဝင်သည့် သောင်းနှင့်ချီသော အမျိုးသားများသည် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ရုရှားအစိုးရကမူ လက်ရှိတွင် စစ်သား စုဆောင်းခြင်းကို ထပ်မံကြေညာရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ သော်လည်း ထိုအခြေအနေသည် ယူကရိန်းကို တိုက်ခိုက်ရန် ကန်ထရိုက်ပေးပြီး စစ်သားများ စုဆောင်းနေသည့် အစီအစဉ်အား ဆက်လက်ကျင့်သုံးမည် ဟုတ်/မဟုတ်အပေါ်တွင် မူတည်နေသည်။

Source: ဘန်ကောက်ပို့စ်