CNI News

၂၀၂၂ ခုနှစ်၊ မေ ၃၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ကညင်ချောင်းစီးပွားရေးဇုန်၏ အဓိကလမ်းပိုင်းမှာ ယခုချိန်ထိ ပြုပြင်ခြင်း မရှိသည့်အပြင် မေလအတွင်း မိုးရွာသွန်းမှုများကြောင့် အဆိုပါ လမ်းပျက်စီးမှုမှာ ပိုမိုဆိုးရွားလာသည့်အတွက် အဆင်မပြေကြောင်း ကုန်သည်များက CNI သတင်းဌာနသို့ပြောသည်။

ကုန်သည်များသည် ကညင်ချောင်းစီးပွားရေးဇုန် အသုံးပြုခပေးနေရသည့်အတွက်ကြောင့် ထိုလမ်းပိုင်း ပျက်စီးနေမှုကို သက်ဆိုင်ရာဌာနဆိုင်ရာအနေဖြင့် အမြန်ဆုံးပြုပြင်ပေးသင့်ကြောင်း ကညင်ချောင်းစီးပွားရေးဇုန်တွင် ကုန်သွယ်မှုလုပ်နေသည့် ကုန်သည် ကိုသန်းနိုင်က CNI သို့ ပြောသည်။

“အဓိကက မြေသားလမ်းဖြစ်တဲ့အတွက် ကျောက်ခင်းထားတယ်ဆိုပေမယ့် မြေသားလမ်းဖြစ်တယ်။ ဝိတ်တွေ များတဲ့ဟာနဲ့ သွားလိုက်ရင် နစ်သွားပြီတော့ အက်ကြောင်းရာ ဗွက်တွေထသွားတာပေါ့။ ချိုင့်တွေဖြစ်ပြီးတော့ အဆင်ပြေသလို သွားနေရတာပေါ့။ ဟိုဘက် ဒီဘက် ချိုင့်ဖြစ်ပြီး အလယ်မှာ မြောင်းကြီးပေါ်နေတော့ သွားရ လာရတာ နည်းနည်းခက်တာပေါ့။ ကားအနိမ့်တွေကျတော့ ဝင်မရဘူးဖြစ်နေတာပေါ့။ အမြင့်တွေမှ ဝင်လို့ရတယ်။ အခု မိုးရွာရင် တော်တော်ပျက်မှာ။ အခွန်အခကလည်း ကျနော်တို့က ပေးနေရတာလေ နေ့တိုင်း။ ကားတစ်စီးဝင်ရင် တစ်တန်ကို ဘယ်လောက်ဆိုပြီးလည်း ပေးနေရတော့ လမ်းကိုအမြန်ဆုံးကောင်းစေချင်တယ်”ဟု ၎င်းက ပြောသည်။

ဇုန်အသုံးပြုခ၊ လမ်းအသုံးပြုခ၊ ယာဉ်ရပ်နားခ၊ လျှပ်စစ်မီးသုံးစွဲခ၊ ရေအသုံးပြုခ၊ ရေယဥ်ဆိုက်ကပ်ခ၊ ဆိပ်ခံတံတား အသုံးပြုခ စသည်တို့အတွက် ကုန်ပစ္စည်း တစ်တန်လျှင် ငွေ ၃၀၀၀ ကျပ် ပေးရကြောင်း သိရသည်။ ထိုကဲ့သို့ ဇုန် ဝန်ဆောင်ခအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့မှစတင်ကာ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

ကညင်ချောင်းစီးပွားရေးဇုန် လမ်းပိုင်းပျက်စီးနေမှုအား ပြင်ဆင်ရန်အတွက် ဘတ်ဂျက် ကျထားပြီဟု ကြားသိရ သော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ပြုပြင်ခြင်းမျိုးမရှိကြောင်း ကုန်သည်များက ပြောသည်။

ကညင်ချောင်းစီးပွားဇုန် စီမံကိန်း အကောင်အထည်ဖော်တည်ဆောက်ရေး ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းအား CNI မှ ဆက်သွယ်မေးမြန်းသည့်အခါ ဖြေကြားခြင်းမရှိပေ။

ကညင်ချောင်းစီးပွားရေးဇုန်သည် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ကာ ကုန်သွယ်ရေးဇုန်အဖြစ် ပြည်နယ်အစိုးရ နှင့် ကညင်ချောင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းပြီးအကောင်အထည်ဖော်လုပ် ဆောင်ထားခြင်း ဖြစ်သည်။

အဆိုပါဇုန်အား စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၃၈၄၀၀ အကုန်အကျခံ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုထဲတွင် အစိုးရဘက်မှ ငွေကျပ် သိန်းပေါင်း ၂၅၀၀၀ နှင့် ပုဂ္ဂလိကဖက်မှ ငွေကျပ် သိန်းပေါင်း ၁၃၄၀၀ အကုန်အကျခံ ထားခြင်းဖြစ်သည်။ ၎င်းစီးပွားရေးဇုန် အဓိကလမ်းပိုင်းမှာ ဆိုးရွားစွာပျက်စီးနေသည့်အတွက် အချို့သော ကုန်သည်များသည် အခြားလမ်းတစ်ခုအား အသုံးပြု၍ ကုန်သွယ်ကြောင်း၊ အဆိုပါ အခြားလမ်းမှာလည်း လက်ရှိတွင် ပျက်စီးနေမှုများရှိကြောင်း ကုန်သည် ကိုကျော်၀င်းထွန်းက CNI သတင်းဌာနသို့ပြောသည်။

"နောက်တစ်လမ်းရှိတယ် လမ်းပိုင်းလေးပဲ။ အဲဒီဇုန်ကို ဝင်တဲ့ နောက်တစ်လမ်းရှိတာပေါ့နော်။ အဲဒီလမ်းကြောင်း က ဇုန်ထဲဝင်တဲ့ လမ်းထဲတော့မပါဘူး။ အဲဒီကနေ အဆင်ပြေသလို သွားနေတယ်။ ဇုန်ရဲ့တာဝန်ရှိသူတွေကတော့ ခဲတွေ ဘာတွေ လမ်းပျက်စီးတဲ့နေရာမှာ ချိုင့်တွေဘာတွေတော့ နည်းနည်းဖို့ပေးတယ်။ ယာယီသွားလာလို့ ရအောင်လေ။ ဒါပေမယ့်တအားကြီး မိုးအများကြီး ဇောက်ချရွာရင်တော့ အဆင်မပြေတပြေ သွားလာရမှာပေါ့။ အခုလောလောဆယ် အဲဒီလမ်းပိုင်းကို အကြမ်းထည်လောက်နည်းနည်း သွားလာလို့ရအောင် အမာဖြစ်အောင် ချောက်တွေဘာတွေ အခုကတည်းက လိုအပ်တာကို ပြင်ဆင်ပေးမယ်ဆိုရင်တော့ သိပ်တော့ အခက်အခဲ ဖြစ်မှာ မဟုတ်ပါဘူး။ အချိန်ကြန့်ကြာမှုကတော့ ၂ ပိုင်းရှိပါတယ်။ လက်ရှိ မောင်တောကုန်သည်များရဲ့ ကုန်သွယ်မှု ကလည်း အရမ်းကြီးမများပါဘူး။ များလာရင် အများကြီးဆွဲရမယ်။ ကားတွေအများကြီး ဝင်ရမယ်ဆိုရင်တော့ အခက်အခဲရှိနိုင်ပါတယ်။ လမ်းတွေပျက်တော့ ကားတွေ ဝင်ရထွက်ရတာနဲ့ တစ်စီးနဲ့တစ်စီး ရှောင်တိမ်းရတာနဲ့"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကညင်ချောင်းစီးပွားရေဇုန်သို့ တစ်ရက်လျှင် ကုန်ကား ၁၅ စီး ဝန်းကျင်ခန့်သာ ဝင်ရောက်ကြောင်း သိရသည်။ လမ်းပိုင်းပျက်စီးနေမှုအား မပြုပြင်ဘဲ ထားမည်ဆိုပါက ကုန်သည်များအတွက် နစ်နာမှုများရှိနိုင်ကြောင်း ကုန် သည် ကိုသန်းနိုင်က ပြောသည်။

"အဓိကကတော့ ဇုန်ထဲ ပစ္စည်းချမယ့်နေရာကို တိုက်ရိုက်ဝင်မရရင်တော့ နောက်ကားတွေ ဖို့ကားတွေနဲ့ ပြန်ကဲ့ တာတို့။ အလုပ်သမားတွေနဲ့ အဝေးကြီးကနေ လှမ်းသယ်ရတာတို့ အဲဒါတွေဖြစ်လာမှာပေါ့။ အဲဒီကျ ကုန်ကျစရိတ် တွေ တိုးလာတာပေါ့ ကုန်သည်တွေအနေနဲ့ကျတော့။ အလုပ်သမားခ တိုးတာတို့၊ ကားခတွေ နောက်တဆင့် ထပ်ပေးရတာတို့ အဲဒါတွေ ဖြစ်လာနိုင်တယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဖြစ်တယ်" ဟု ပြောသည်။

မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ကညင်ချောင်း စီးပွားရေးဇုန်နှင့် အမှတ်(၁)အဝင်အထွက်စခန်း (POE) ဟူ၍ ကုန်သွယ်ရေးစခန်း နှစ်ခုရှိသည်။