CNI New 

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈

ထိုင်းနှင့်ကမ္ဘောဒီးယားကြား နယ်စပ်ပြဿနာကြောင့် နှစ်ဖက် စစ်ပွဲဖြစ်ပွားကာ ကမ္ဘောဒီးယားလုပ်သားများ ထွက် ခွာသွားကြ၍ လုပ်သားလိုအပ်ချက်အရ မြန်မာဒုက္ခသည်များအား အလုပ်လုပ်ကိုင်ခွင့်ပေးလာကြောင်း ပညာရေး နှင့်ဖွံ့ဖြိုးတိုးတက်‌ရေး ဖောင်ဒေးရှင်းမှ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက အလုပ်လုပ်နိုင်သည့် လူဦးရေ ၄၀,၀၀၀ ကျော်ကို ထိုင်းနိုင်ငံထဲတွင် တရားဝင် အလုပ်လုပ်ခွင့်ပြုရန်  ထိုင်းအစိုးရဝန်ကြီးများအဖွဲ့က ဩဂုတ် ၂၆ ရက်  အစည်းအဝေးတွင် သဘောတူ ခဲ့ခြင်းဖြစ်သည်။

ထိုင်းအစိုးရက ယခု ၎င်းတို့တွင် လုပ်သားလိုအပ်ချက် ဖြစ်နေကြောင်း၊ ကမ္ဘာဒီးယား အလုပ်သမားများကလည်း နေရပ် ပြန်ကုန်သည့်အတွက် လုပ်သားလိုအပ်ချက်ကို ဖြည့်သည့်သဘော အနေဖြင့် မြန်မာဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပေးရန် စဉ်းစားလာခြင်းဖြစ်သည်ဟု  ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်‌ရေး ဖောင်ဒေးရှင်းမှ အလုပ်သမား ရေးတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ အနီးရှိ ဒုက္ခသည် စခန်းတစ်ခုကိုတွေ့ရစဉ်(ဓာတ်ပုံ- တင်ထက်ပိုင်)

၎င်းက “ဒီ ဘုရင့် ပြန်တမ်းအရ ထွက်လာပြီးတဲ့ အခါကြရင် အသေးစိတ် အချက်အလက်တွေ ပါလာမယ် ထင် တယ်။ ၁၊ ၂၊ ၃၊ ၄၊ ၅ အဲကြမှ သူရဲ့ အလုပ်လုပ်ခွင့် သက်တမ်း ဘယ်လောက် ပေးမလဲ၊ ဘယ်လောက်ကြာရင် တစ်ခါ သူတို့ကို အဲဒီ သက်တမ်းတိုးတဲ့ ကိစ္စတွေ ဘယ်လိုလုပ်ပေးမလဲ။ နောက်ပြီးတော့ ဒီလူတွေကိုကြတော့ CGI စနစ်ထဲကို သွင်းမှာလား၊ မသွင်းဘူးလား။ CGI စနစ်ထဲကို သွင်းလို့မရဘူး။ ဒါထိုင်းဘက်ကနေ pass သီးသန့်ပေးမှ ရမယ့်ဟာမျိုးလေ၊ ဘာလို့လဲဆိုတော့ ဒုက္ခသည်တွေက အကြောင်း‌ကြောင်းကြောင့်နဲ့ ရောက်လာတာလေ နိုင်ငံ ရေး ဘာညာ စသည်ဖြင့် ဒါမျိုးတွေပါတယ်။ ဒီလူတွေကို ကျနော်တို့ ရိုးရိုးရွှေ့ပြောင်း အလုပ်သမားတွေလိုမျိုး သွားပြီးတော့ ကျနော်တို့ work permit ပေးမယ်ပြီးတဲ့ အခါကြရင် ထိုင်းအောက်ဘတ်လုပ် CGI လုပ်ဆိုတဲ့ဟာမျိုး လုပ်လို့ မရဘူး။ ဒါကြောင့် သူတို့က ဒီဟာနဲ့ ပတ်သက်ပြီးတော့‌ဆိုရင် အထောက်အထား ထုတ်ပေးခြင်းဆိုင်ရာကို သူတို့အနေနဲ့က ဒါ ဘယ်လိုခေါ်မလဲ သေသေချာချာပေါ့နော်။ ဒီမြန်မာပြည်ဘက်ကို မြန်မာအစိုးရနဲ့ အထူးသဖြင့် တော့ အစိုးရကနေ ထုတ်ပေးတဲ့ စာရွက်စာတမ်းမျိုးနဲ့ သွားလို့မရလောက်ဘူး။ ဒါကြောင့် ထုတ်ပြန်ချက် ထွက်လာ တယ်ဆိုရင် အဲဒီဟာတွေ ကန့်သတ်ချက်တွေက ပါလာမယ်လို့ထင်တယ်။ ကျနော်တို့ ရိုးရိုးရွှေ့ပြောင်း အလုပ် သမားလိုမျိုးပုံစံ မဟုတ်လောက်ဘူး”ဟု ပြောသည်။

နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေး၊ တရားမဝင် ဝင်ရောက် လုပ်ကိုင်မှု ပြဿနာ လျှော့ချရေး၊ ဒုက္ခသည် စခန်းတွင် နေထိုင်သော ပြည်သူများ၏ လူမှုစီးပွားနှင့်ကျန်းမာရေး အထောက်အကူပြုနိုင်ရေး၊ နယ်စပ် တည်ငြိမ် အေးချမ်း‌ရေး စသည့် အခြေအနေ အရပ်ရပ်ပေါ် သုံးသပ်ပြီး အလုပ်လုပ်ကိုင်ခွင့် သဘောတူလိုက်ခြင်း ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။

ထိုင်းနိုင်ငံ နယ်စပ်တွင်ရှိသည့် ဒုက္ခသည် စခန်းများတွင် ဘဝနေရေးထိုင်ရေးအတွက် ထိုင်းဘက်မှ အလုပ်လုပ်ခွင့် ပြုမည်ဟု မူဝါဒပြောင်းလဲလိုက်ခြင်းကို ကျေးဇူးတင်သည်ဟု ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်ပေးနေ သည့် ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းတစ်ခုကိုတွေ့ရစဉ်

၎င်းက “ထိုင်းနိုင်ငံ နယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ ကျနော်တို့ နိုင်ငံသား တိုင်းရင်းသား အမြောက် အများက နှစ်ပေါင်း ဆယ်စုနှစ် ပေါင်းများစွာကြာအောင် ဒုက္ခသည်အဖြစ် ခိုလှုံနေကြတယ်။ ဒီစခန်းထဲမှာပဲ ကျပ်ကျပ်တည်းတည်းနဲ့ နေထိုင်ရင်း ဘဝကို ရုန်းကန်နေကြရတယ်။ ဒုက္ခသည် စခန်းမှာနေတဲ့ မြန်မာနိုင်ငံ သားတွေ တချို့က ပြင်ပကို ထွက်ခွာ အလုပ်လုပ်ခွင့် လုံးဝမပြုခဲ့ပါဘူး။ ဘယ်တုန်းကမှလဲ အဲဒီအစဥ်အလာ မရှိခဲ့ ဘူး။ ဒီစခန်းထဲမှာ သူတို့ ထောက်ပံ့မူတွေရော ထောက်ပံ့စရိတ်တွေရော လျှော့ချခံရတဲ့ အခါကြတော့ သူတို့ရဲ့ ဘဝနေရေးထိုင်ရေး စားဝတ်နေရေး အဆင်ပြေဖို့အတွက် ဒီအလုပ်လုပ်ခွင့် ပြုမယ်ဆိုတာကို မူဝါဒ ပြောင်း(လဲ) ရွှေ့ လိုက်တာပါ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျေနပ်မိပါတယ်၊ ကျနော်တို့ နိုင်ငံတကာက ပေးနေတဲ့ အထောက်အပံ့တွေက သူတို့ကို ဖျက်ချခံလိုက်ရတယ်။ သူတို့ရဲ့ စားဝတ်နေရေးက အဆင်မပြေတဲ့ အခါမှာ ထိုင်း အစိုးရကလည်း ထောက်ပံ့ပေးနိုင်တဲ့ စွမ်းအားမရှိတဲ့ အချိန်မှာ သူတို့အနေနဲ့ လူတွေကို အပြင်မှာ ထွက်ပြီးမှ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်တွေ ထုပ်လုပ်ပေးပြီးမှ အလုပ်လုပ် ခိုင်းလိုက်မယ်ဆိုရင် သူတို့ကို သူတို့ ရပ်တည်လို့ ရသွားအောင် စီစဥ်ပေးလိုက်တာ ဖြစ်တယ်”ဟု ပြောသည်။

ထိုင်းအစိုးရ အနေဖြင့် ကျန်းမာရေး ဝန်ထမ်းများ စေလွှတ်ပြီး ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ရိုးရိုးဖျားနာခြင်းများ ကုသပေးခြင်းများရှိကြောင်း၊ ဆေးရုံတက်ရမည့် လူနာဆိုလျှင် ဆေးကုသစရိတ် ထက်ဝက်သာ ကုန်ကျခံရ ကြောင်း၊ စခန်းအတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးခြင်းမျိုး မရှိကြောင်း သိရသည်။