CNI International News

ကာဘူးလ်၊ မတ် ၃၁

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့သည် တိုက်ပွဲများကို ယာယီရပ်နားထားမည်ဟု ကြေညာခဲ့ပြီး ရက်ပိုင်းအကြာ တွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ် (Islamabad) မြို့၌ အမေရိကန်နှင့် အီရန်တို့အကြား ဖြစ်မြောက်လာနိုင် ခြေရှိ သော ဆွေးနွေးပွဲများကို လက်ခံကျင်းပရန် မျှော်လင့်နေချိန်တွင် ထိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံကြား နယ်စပ်ပဋိပက္ခများသည် မတ်လ ၂၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းစစ်ပွဲ တင်းမာမှုများ လျှော့ချရေးအတွက် ဒေသတွင်း အင်အားကြီး နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက ပါကစ္စတန်၌ တွေ့ဆုံဆွေးနွေး နေချိန်ဖြစ်သည်။

လာမည့် ရက်များအတွင်း အမေရိကန်-အီရန် ဆွေးနွေးပွဲများကို အစ္စလာမ္မာဘတ်၌ ကျင်းပဖွယ် ရှိကြောင်းလည်း ပါကစ္စတန်အရာရှိများက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်ဘက်မှ ကူနာ (Kunar) ပြည်နယ်နှင့် ပါကစ္စတန်ဘက်မှ ဘာဂျာ (Bajur) နယ်စပ်ခရိုင်ရှိ နေရာ များကို နှစ်ဖက်စလုံးက လက်နက်ကြီးများနှင့် အဝေးပစ် လက်နက်များ အသုံးပြုကာ တိုက်ခိုက်ခဲ့ကြသည်ဟု တာဝန်ရှိသူများက ဆိုသည်။

ပါကစ္စတန်၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် အများစု မှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း အာဖဂန်တာလီဘန်အစိုးရ၏ လက်ထောက် ပြောရေးဆိုခွင့်ရှိ သူ ဟမ်ဒူလာဖီထရတ် (Hamdullah Fitrat )က ပြောကြားခဲ့သည်။

အီရန်-အမေရိကန် ဆွေးနွေးပွဲအတွက် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ ဆွေးနွေးကြစဉ်

ပါကစ္စတန် လုံခြုံရေး တာဝန်ရှိသူများကမူ ၎င်းတို့အနေဖြင့် အာဖဂန်နစ္စတန်ဘက်မှ လက်နက်ကြီးဖြင့် စတင် ပစ်ခတ်မှုကိုသာ ပြန်လည် တုန့်ပြန်ခဲ့ခြင်းဖြစ်ပြီး အရပ်သား နေထိုင်ရာ နေရာများကို ပစ်မှတ်ထားခြင်း မရှိ ကြောင်း ငြင်းဆိုခဲ့သည်။

အာဖဂန်နစ္စတန်ဘက်မှ စွပ်စွဲချက်များသည် ချဲ့ကားပြောဆိုထားခြင်း ဖြစ်ကြောင်းနှင့် အာဖဂန်ဘက်မှ ကျူးကျော် ပစ်ခတ်မှုများ ရှိသဖြင့် ပြန်လည် တုန့်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်အစိုးရ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပါကစ္စတန်စစ်တပ်ကမူ ယခုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့်လက ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ကြား နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီး နှစ်ဖက်စလုံးတွင် လူသေဆုံးမှု များပြားခဲ့သည်။

ယခုလ အစောပိုင်းကလည်း အာဖဂန်၏ ကဘူးလ် (Kabul) မြို့တော်ရှိ မူးယစ်ဆေးဖြတ်သည့် စင်တာတစ်ခုကို ပါကစ္စတန်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ကြောင်း အာဖဂန်ဘက်က ပြောကြားခဲ့သည်။

ပါကစ္စတန်ကမူ ထိုစွပ်စွဲချက်ကို ပယ်ချခဲ့ပြီး စစ်ရေးဆိုင်ရာ တည်ဆောက်မှုများနှင့် အကြမ်းဖက် သမားများ၏ အခြေခံ အဆောက်အအုံများကိုသာ တိကျစွာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

Source: ရိုက်တာ