CNI International News

ကိုဟီမာ၊ ဖေဖော်ဝါရီ ၂၄

အိန္ဒိယ-မြန်မာနယ်စပ်တွင် ခြံစည်းရိုးကာရန် အဆိုပြုထားသည့်ကိစ္စနှင့် နှစ်နိုင်ငံအကြား လွတ်လပ်စွာ လှုပ်ရှား သွားလာရေး အစီအစဉ် (FMR) ကို ဆိုင်းငံ့ရေး အစီအစဉ်များကို နာဂလန်း (Nagaland)  ပြည်နယ်လွှတ်တော်၏ ဘတ်ဂျက်အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးဖွယ်ရှိကြောင်း Northeast Now မှ ဖော်ပြခဲ့သည်။

နာဂလန်းပြည်နယ်အတွင်းရှိ များပြားသည့် အရက်ဖက်လူမှုရေးအဖွဲ့အစည်း(CSO) များ၊ လူမျိုးစုအဖွဲ့များနှင့်  နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ- ဗွီးဗာ/အိုက်ဇက်ချီရှီဆူ(NSCN-IM)တို့က ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာ ဝေဖန်လျက်ရှိသည်။

နာဂလန်းပြည်နယ်သည် မြန်မာနိုင်ငံနှင့် နယ်စပ်စည်း ၂၁၅ ကီလိုမီတာ ထိစပ်နေသည့် အိန္ဒိယ၏ ပြည်နယ်တစ်ခု ဖြစ်သည်။

ဗဟိုအစိုးရ၏ အစီအစဉ်များသည် နှစ်နိုင်ငံနယ်စပ်၏ တစ်ဖက်တစ်ချက်တွင် နေထိုင်နေကြသည့် နာဂလူမျိုးများ အကြား စိတ်ဝန်းကွဲမှုဖြစ်စေနိုင်ပြီး ၎င်းတို့၏ လူနေမှုဘ၀အပေါ် ဆိုးရွားစွာ သက်ရောက်စေလိမ့်မည်ဟု နာဂလန်းပြည်နယ်ရှိ CSO များက ပြောကြားခဲ့သည်။

နယ်စပ်ဒေသတွင် နေထိုင်သူများသည် နယ်စပ်တစ်လျှောက် လယ်ယာစိုက်ခင်းများ ထွန်ယက်လုပ်ကိုင်နေသဖြင့် ဗဟိုအစိုးရ၏ အစီအစဉ်များသည် ထိုလယ်ယာလုပ်ငန်း လုပ်ကိုင်နေသူများအတွက် ထိခိုက်နစ်နာ စေလိမ့်မည် ဟုလည်း သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။

နာဂလန်းပြည်နယ်ဝန်ကြီးချုပ် နိုက်ဖရူ ရီယို (Neiphiu Rio) ကလည်း ထိုအကြောင်းအရာအပေါ် ဆွေးနွေးမှုများ သည် အလွန်အရေးကြီးကြောင်း ဖော်ပြခဲ့ပြီး အစိုးရအနေဖြင့် နောက်ဆုံးအဆင့် အကောင်အထည်ဖော်ဆောင်မှု မလုပ်ဆောင်မီအချိန်တွင် သက်ဆိုင်သူများနှင့် တိုင်ပင်ပြီး အဖြေတစ်ခုရှာရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

နာဂလန်းလွှတ်တော်တွင် ဖေဖော်ဝါရီ ၂၆ ရက်မှစပြီး ၅ ရက်ကြာ ဘတ်ဂျက်အစည်းအဝေး ခေါ်ယူမည်ဖြစ်သည်။

ထိုလွှတ်တော် အစည်းအဝေးတွင် နယ်စပ်စည်းရိုးတည်ဆောက်မှုနှင့် FMR ဆိုင်းငံ့မည့် အစီအစဉ်များကို ဦးစား ပေး ဆွေးနွေးသွားလိမ့်မည်ဟု သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။

အဆိုပါ အစည်းအဝေးကို နာဂလန်းပြည်နယ် အုပ်ချုပ်ရေးမှူး လာဂါနက်ဆန်က နေရာ ၆၀ ရှိသည့် လွှတ်တော် အတွင်း မိန့်ခွန်းပြောကြားပြီး ဖွင့်လှစ်သွားမည်ဖြစ်သလို နာဂလန်းပြည်နယ်ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၂၇ ရက် တွင် ဘတ်ဂျက် အစီအစဉ်များကို တင်ပြမည်ဖြစ်သည်။

ဇန်နဝါရီ ၂၆ ရက်ကလည်း နာဂလန်းပြည်နယ် ဝန်ကြီးချုပ်သည် အန္ဒိယ-မြန်မာ နယ်စပ်စည်းရိုး တည်ဆောက် မည့် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်ကို အကောင်အထည်မဖော်မီ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း အလေးထား ပြောဆိုခဲ့သည်။

Source: Northeast Now