CNI International News

ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၂၆

ကမ္ဘောဒီယားနိုင်ငံတွင် ဖေဖော်ဝါရီ ၂၅ ရက်က ကျင်းပခဲ့သည့် အထက်လွှတ်တော် ရွေးကောက်ပွဲ၌ အာဏာရ ပါတီမှ အနိုင်ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (Hun Sen) သည် နိုင်ငံရေးလောကထဲသို့ တရားဝင် ပြန်လည် ဝင်ရောက်လာစေရန် လမ်းခင်းပေးရာ ရောက်ခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ် လေးစုနီးပါးကြာ တင်းကျပ်စွာ အုပ်ချုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် နှစ် ဇူလိုင်လက ကြီးမားသည့် အတိုက်အခံပါတီများ မပါဝင်သော ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး သားအကြီးဆုံး ဖြစ်သူ ဟွန်မာနက် (Hun Manet) ကို အာဏာလွှဲပေးခဲ့သည်။

ထိုအချိန်ကတည်းက ဟွန်ဆန်သည် ၎င်းရာထူးမှ နုတ်ထွက်ခဲ့သည့်တိုင် ကြီးမားသည့် ဩဇာကို ဆက်လက် လွှမ်းမိုးထားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

 ဟွန်မာနက်ကို တွေ့ရစဉ်

ဖေဖော်ဝါရီ ၂၅ ရက်က အထက်လွှတ်တော် ရွေးကောက်ပွဲ မဲပေးမှု ပြီးဆုံးချိန်တွင် ဟွန်ဆန်၏ အာဏာရပါတီ (CPP)မှ အထက်လွှတ်တော် ရွေးကောက်ပွဲကို အနိုင်ရရှိကြောင်း ကြေညာခဲ့သည်။

CPP သည် ၅၈ နေရာရှိသည့် အထက်လွှတ်တော်တွင် နေရာ ၅၀ ထက်မနည်းကို အနိုင်ရခဲ့ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဆွတ် အိုင်ဆန် (Sok Eyson) က ပြောကြားခဲ့သည်။

ပါတီအနေဖြင့် ဧပြီလအတွင်း ကျင်းပမည့် အထက်လွှတ်တော် အစည်းအဝေးတွင် ဟွန်ဆန်အား အထက် လွှတ်တော်ဥက္ကဋ္ဌအဖြစ် အဆိုပြုသွားမည်ဖြစ်သည်။

ထို့နောက် ဟွန်ဆန်သည် ကမ္ဘောဒီးယားဘုရင် ပြည်ပသို့ရောက်နေသည့် အချိန်များတွင် နိုင်ငံခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်သည်။

 ဟွန်ဆန်ကို တွေ့ရစဉ်

ရွေးကောက်ပွဲကော်မရှင်က တရားဝင်မဲရလဒ်များကို လာမည့် သီတင်းပတ်များအတွင်း ထုတ်ပြန်ကြေညာ ဖွယ်ရှိသည်။

နေရာ ၆၂ နေရာရှိသည့် အထက်လွှတ်တော်တွင် ၅၈ နေရာကို လွှတ်တော်အမတ် ၁၂၅ ဦးနှင့် ဒေသန္တရ အုပ်ချုပ်ရေးမှူး ၁၁,၀၀၀ ကျော် မဲပေးရွေးချယ်ခြင်းဖြစ်ပြီး ကျန် ၂ နေရာကို ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟမုနိ (Norodom Sihamoni) က ရွေးချယ်ခြင်းဖြစ်သည်။

ထို့နောက် ကျန် ၂ နေရာကို အမျိုးသားလွှတ်တော်က ရွေးချယ်ခန့်အပ်ခြင်း ဖြစ်သည်။

Source: CNA