CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၆

ကိုဗစ်တွေ့ရှိမှုများကြောင့် ယာယီရပ်နားထားသည့် ကိုရီးယားနိုင်ငံသို့ အထွေထွေလုပ်သား စေလွှတ်ခြင်းအား မတ်လ ၂၅ ရက်နေ့က စတင်၍ စေလွှတ်ခဲ့ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မတ်လ ၂၅ ရက်နေ့က ကိုရီးယားသို့သွားမည့် အထွေထွေလုပ်သား ၁၆ ဦးအား ကိုဗစ်စစ်ဆေးရာမှာ တစ်ဦးတွင် ပိုးတွေ့သဖြင့် ၁၅ ဦး စေလွှတ်ခဲ့ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ရွှေ့ပြောင်းလုပ်သားဌာနခွဲမှ ညွှန်ကြား‌ရေးမှူး ဒေါ်အေးမွန်စိုးက CNI သတင်းဌာနသို့ ပြောသည်။

ညွှန်ကြား‌ရေးမှူး ဒေါ်အေးမွန်စိုးက “အခုဆို သွားရင် PPE နဲ့ သွားရတယ် သူတို့က။ ဘာလို့ဆို အကယ်၍ တခြားနေရာတွေ ဘာတွေက မကူးရအောင်ပေါ့လေ။ ထွက်ပြီဆိုတာနဲ့ PPE နဲ့ ထွက်ရတယ်။ အခုသွားတဲ့ သူတွေကတော့ ပိုတယ်။ အစ်မတို့ ပြည်ပအလုပ်ကိုင် လိုင်စင်ရ အေဂျင်စီကို သွင်းရတာတော့ ရှစ်သောင်းခွဲပဲ သွင်းရတာ။ သူတို့ဘာသာသူတို့ ကုန်ကျစရိတ်တွေ က အခုဆို လေယာဉ်စရိတ်တွေက ဟိုအရင်တုန်းကဆို အဲဒီလောက်မကျဘူး၊ ဒေါ်လာ ၅၀၀ လောက်ပဲကျတာ။ အခုဆိုရင် အခု နောက်ဆုံးအသုတ်ဆိုရင် ဒေါ်လာ ၈၀၀ လောက်ကျတယ်။ လေကြောင်းလိုင်းတွေကလည်း အမျိုးမျိုးရှိတယ်လေ။ အခု ဟာက relief flight တွေကို။ နောက်ခါကျ PPE ဝယ်ရတာတွေရှိတယ်။ ဆေးစစ်ရတဲ့ ကိစ္စတွေရှိတယ်”ဟု ပြောသည်။

တောင်ကိုရီးယားသို့ ယခုနောက်ပိုင်း သွားရောက်မည့် အထွေထွေလုပ်သားများအတွက် ကုန်ုကျစရိတ်သည် ယခင်ကထက် ပိုမို ကုန်ကျနိုင်ကြောင်းလည်း သိရသည်။

လာမည့် ဧပြီ ၃ ရက်နေ့တွင် အထွေထွေလုပ်သား ၉၈ ဦးအား ထပ်မံစေလွှတ်ရန် ရှိကြောင်းလည်း သိရသည်။

တောင်ကိုရီးယားသို့ သွားရောက်ကျမည့် မြန်မာအလုပ်သမားများ

ယခင်က တောင်ကိုရီးယားသို့ EPS စနစ်ဖြင့် သွားရောက် လုပ်ကိုင်မည့် အ‌ထွေထွေ လုပ်သားများအနေဖြင့် ရန်ကုန်သို့ လာရောက်ပြီး စာချုပ်ချုပ်ဆိုရကြောင်း၊ စာချုပ် ချုပ်ဆိုပြီးပါက ၇၂ နာရီအတွင်း ဆေးစစ်ရကြောင်း၊ စစ်ဆေးပြီး Negative ဖြစ်သည့် သူများကိုသာ စေလွှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားဘက်မှ တောင်းဆိုလာသည့်အတွက် နောက်ပိုင်း စေလွှတ်မည့် အထွေထွေလုပ်သားများသည် မိမိစရိတ်ဖြင့် သီးသန့်ကွာရန်တင်း ဝင်ရမည် ဖြစ်သည်။

ညွှန်ကြား‌ရေးမှူး ဒေါ်အေးမွန်စိုးက “ဟိုဘက်ကနေမှ သီးခြားခွဲနေသလို ၇ ရက် သီးခြားနေတာ။ ရန်ကုန်မှာ သူတို့ဘယ်မှာ နေရမယ်၊ ဘယ်နေရာမှာ နေရမယ်မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် သီးခြား ၇ ရက်နေခိုင်းတာ။ လုပ်စရာရှိတဲ့ ဗီဇာကိစ္စတွေ၊ စာချုပ်ကိစ္စတွေ အဲဒီလိုမျိုး လုပ်စရာရှိတဲ့ အလုပ်တွေ လုပ်ပြီးသွားရင် ၇ ရက် ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း သီးသန့် နေခိုင်းတာ။ နေခိုင်းပြီးတော့မှ သွားမယ့်နေ့ကျမှ သူတို့ကို သွားခါနီးကျရင် ၇၂ နာရီအတွင်း ဆေးစစ်၊ စစ်ပြီးတော့ ဟိုဘက်ကို သွားရတာ”ဟု ပြောသည်။

တောင်ကိုရီးယားသို့ အထွေထွေ လုပ်သားစေလွှတ်ခြင်းအား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ပြန်လည်စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလတွင် ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် ယာယီရပ်နားခဲ့ကြောင်း၊ ထို့နောက် ယခုလ(မတ်လ) ၂၅ ရက်တွင် ပြန်လည် စတင် စေလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကာလအတွင်း အထွေထွေလုပ်သား ၃၀၀ ကျော်‌ စေလွှတ်ခဲ့ကြောင်း သိရသည်။