CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ 

ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆီဟာဆတ် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ကနေ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့်ကင်းကွာနေခြင်းကို အဆုံးသတ်ပြီး ပြန်လည်ပူး‌ပေါင်းလာနိုင် မလား ဆိုသည့်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် သံတမန်များကြား အကဲခတ်နေကြသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အတွက် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်သွားမည်ဟု ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် တတိယ အကြိမ် ပြည်‌ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး၌ ထည့်သွင်း ပြောကြားခဲ့သည်။ 

ထို့နောက် ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ ဆီဟာဆက်သည် မြန်မာနိုင်ငံ သို့ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် လာရောက်မည်ဖြစ်ပြီး သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြီးနောက် အစိုးရသစ် လက်ထက်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအနေဖြင့် ထိုင်း နိုင်ငံက ပထမဦးဆုံး လာရောက်မည်ဖြစ်သည်။ 

လက်ရှိတွင် မြန်မာနှင့် အာဆီယံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာရန် အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၏ သဘောထားသည် အဓိကကျသည်ဟု ယူဆ၍ရကြောင်း၊ အစိုးရအနေဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက်များ ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုလျှင် အခြေအနေ တိုးတက်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။ 

အာဆီယံ အစည်းအဝေးမှာ မြန်မာထိုင်ခုံလွတ်နေစဉ်

၎င်းက “သူတို့အစိုးရတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တာပေါ့။ ဒီက ဘယ်လို တုန့်ပြန်လိုက်သလဲ။ တုန့်ပြန် လိုက်တဲ့ အပေါ်မှာ သူတို့က အားရ ကျေနပ်တယ်ဆိုရင် သူ့အစိုးရအဖွဲ့ကို ပြန်တင်ပြမယ်။ သူ့အစိုးရအဖွဲ့က အသိအမှတ်ပြုဖို့အတွက် ဒါကောင်းတယ်၊ အသိအမှတ် ပြုသင့်တယ်ဆို သူတို့ထိုင်းနိုင်ငံက လိုက်အသိအမှတ်ပြု လို့ရှိရင်တော့ ကျန်တဲ့ နိုင်ငံတွေကလည်း လိုက်ပြီးတော့ အသိအမှတ် ပြုလာနိုင်တာပေါ့နော်။ အခုလောလော ဆယ်တော့ တခြားနိုင်ငံတွေကတော့ အခုရွေးကောက်ပွဲ‌ကိုရော မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးတာကိုရော သိပ် အသိအမှတ် မပြုချင်ကြဘူး။ အဲဒီလို အနေအထား ဖြစ်နေတယ်။ အနည်းစုကပဲ နည်းနည်း ဟိုဟာဖြစ်တော့ ထိုင်းကတော့ ကြားနေထဲမှာ ဟိုဘက်ကော ဒီဘက်ကော ဩဇာရှိတဲ့ နိုင်ငံလိုဖြစ်တော့ သူ့သဘောထားက အရေး ကြီးတယ်လို့ ပြောရမှာပေါ့။ အခု အနေအထား အရတော့ (ထိုင်းက အဓိကကျ‌တယ်လို့) ပြောရမှာပေါ့နော်။ သူတို့ တီးခေါက်တဲ့အခါ ကိုယ့်ဘက်က ဘယ်လိုတုန့်ပြန်မှာလဲ။ အဓိက,ကတော့ ကျနော် နောက်ဆုံး နားလည်ထားတာ ကတော့ အာဆီယံက 5 point Consensus ပေါ့နော်။ ဦးမင်းအောင်လှိုင်အပါ သဘောတူ ဆုံးဖြတ်ထားတဲ့ဟာကို လိုက်ပြီးတော့ အကောင်အထည် မဖော်တဲ့အပေါ်မှာ ‌တော်တော် မကျေမနပ် ဖြစ်တာပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီဘက်က ဘယ်လို တုန့်ပြန်မလဲဆိုတဲ့အပေါ်မှာ အများကြီး အရေးကြီးတယ်။ ဒီက တုန့်ပြန်မှုက မျှော်လင့်ချက် ထားနိုင်စရာ အကြောင်း ရှိတယ်ဆိုရင်တော့ ထိုင်းအစိုးရအဖွဲ့က စပြီး အသိအမှတ် ပြုလာလို့ရှိရင် ကျန်တဲ့နိုင်ငံ တွေကလည်း လိုက်ပြီးတော့ အသိအမှတ် ပြုလာနိုင်တာပေါ့။ ထိုင်းရဲ့ သ‌ဘောထားက အရေးကြီးတယ်လို့ ပြောနိုင်တာပေါ့ဗျာ” ဟု ပြောသည်။ 

သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက်ရန် ရှိနေသလို သမ္မတ ရှီကျင့်ဖျင်နှင့်လည်း တွေ့ဆုံ ရန် ရှိနေသည်။

အဆိုပါ တရုတ်ပြည် ခရီးစဉ်မတိုင်ခင် ထိုင်းသံတမန်က မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်၍ မိမိတို့ တုန့်ပြန် မည့် သဘောထားသည် ပိုအရေးကြီးသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ဆက်ပြောသည်။

၎င်းက “တရုတ်ပြည်ကို မသွားခင်မှာ လာတွေ့တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို တုန့်ပြန်တဲ့ဟာက ပိုအရေးကြီးတယ်လို့ ပြောရမယ်။ ထိုင်းနဲ့ အဆင်ပြေတယ်ဆိုမှသာလျှင် တရုတ်ကလည်း ဝမ်းသာမှာပေါ့။ ပြောချင်တာက တရုတ်ကလည်း အဲဒီသဘောထားရှိတယ်။ အာဆီယံနဲ့ ပြန်ပြီးတော့ ပေါင်းစည်းဖို့ အာဆီယံမှာ ပြန်ဝင်ဆံ့ဖို့ဆိုတဲ့ဟာကို သူက လိုလားတယ်၊ တိုက်တွန်းတယ်။ အဲဒီလို အနေအထားဖြစ်တဲ့ အခါကျ တော့ ကနကောစ‌ လုပ်မယ်။ အာဆီယံနဲ့ ခပ်ကင်းကင်း ဆန့်ကျင်ဘက် နေမယ်ဆိုရင် တရုတ်ကလည်း သိပ်ပြီး တော့ ကြိုက်မယ်မထင်ဘူး။ တရုတ်က အခုက တွန်းနေတဲ့ဥစ္စာက ပြန်ပြီးတော့ အာဆီယံတို့ အိမ်နီးချင်းနိုင်ငံတွေ နဲ့ ပြန်ပြီးအဆင်ပြေဖို့။ နောက်တစ်ခါ အဲဒီက‌နေမှတဆင့် ပြည်တွင်းမှာ ပြန်ပြီးတော့ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးဖို့ အဲဒီလမ်းကြောင်းပေါ် တရုတ်က တွန်းနေတာကို။ ဆန့်ကျင်ဘက် လမ်းကြောင်းပေါ့နော် ခပ်မာ မာရပ်တဲ့ လမ်း‌ကြောင်းမျိုးကိုတော့ တရုတ်ကလည်း ကြိုက်မှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒီဟာက တရုတ်ကို မသွားခင် တွေ့တဲ့ အစည်းအဝေးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ပိုပြီးတော့ သူ့အနေနဲ့ သတိထားပြီးတော့ တုန့်ပြန်ရ လိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်”ဟု ပြောသည်။ 

သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ်

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာသီဟာဆတ် မြန်မာနိုင်ငံသို့ လာ‌ရောက်မည့် ကိစ္စရပ်သည် အာဆီယံနှင့် မြန်မာ ဆက်ဆံရေးထက် ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခြင်း အတွက်သာ လာရောက်ခြင်း ဖြစ်နိုင်သည်ဟု သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “အထူးသဖြင့်တော့ နယ်စပ်ဒေသ လုံ‌ခြုံရေးအပိုင်းတွေရှိမယ်။ နောက် ကုန်စည် ပြန်လည် ကူးသန်းရောင်း ဝယ်ရေးပေါ့။ နောက်တစ်ချက်က မြန်မာနဲ့ထိုင်းက ဘယ်လိုပဲဖြစ်ဖြစ် နှစ်နိုင်ငံကြားထဲမှာ သမိုင်းကြောင်းတွေ လည်း အများကြီးရှိခဲ့ပြီးသား။ ဒါက မဖြစ်မနေ ချိတ်ဆက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ အများကြီးရှိတယ်။ အဲဒီအတွက် ရောက်လာတယ်လို့ပဲ သုံးသပ်လို့ရတယ်။ ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ ဘာတွေ ဆွေးနွေးမလဲ။ ဘာတွေကို ပူးပေါင်း ဆောင်ရွက်ဖို့ လုပ်ကြမလဲ ဒါကတော့ နောက်ပိုင်း သတင်းထုတ်ပြန်တဲ့ အပေါ်မှာ မူတည်ပြီး တော့ ကြည့်ရမှာပေါ့။ သေချာတာကတော့ မြန်မာနဲ့ထိုင်း ကြားထဲမှာ မဖြစ်မနေ ပူးပေါင်း ဆောင်ရွက်ရမယ့် ကိစ္စ ရပ်တွေ ရှိတဲ့အတွက်ကြောင့်ပဲ ရောက်လာတယ်လို့ပဲ သုံးသပ်လို့ရတာပေါ့။ ဒါတော့ အကြမ်းဖျင်းပေါ့။‌ နောက် တစ်ချက်ဖြစ်တဲ့ အာဆီယံနဲ့ပတ်သက်လို့ ပြန်ဝင်ခြင်း မဝင်ခြင်း ကိစ္စရပ်က အာဆီယံဆိုင်ရာ မူဘောင်တွေရဲ့နဂို ပဋိညာဉ်အရ မြန်မာက သူ့လမ်းကြောင်းနဲ့သူ လည်နေပြီးသား သွားနေပြီးသား။ ပြဿနာက အာ‌ဆီယံကိုယ်၌ ကိုယ်က အာဆီယံ အတွင်းမှာကိုက မြန်မာနဲ့ကပ်ရပ် အထူးသဖြင့်တော့ အာရှတိုက် ကုန်းမကြီးပေါ်‌မှာ တည်ရှိ နေတဲ့ ပင်လယ်နဲ့ ပိုနီးစပ်တဲ့ ကျွန်းစုနိုင်ငံတွေ အဲဒီကြားထဲတွေမှာ သဘောကွဲလွဲမှု ဖြစ်တဲ့အပိုင်း။ အဲဒီဟာက တော့ အာဆီယံထဲ ဝင်ရောက်ခြင်း၊ ဝင်မရောက်ခြင်းသည် အစုအဖွဲ့ တစ်ခုအလိုက်နဲ့ သုံးသပ်ရမယ်ဆိုရင်တော့ အကုန်လုံးက နားလည်သဘောပေါက်ပြီးတော့ စုပေါင်းလက်ခံတဲ့ ပုံစံမျိုး။ ဆိုလိုတာက အာဆီယံအဖွဲ့အတွင်းမှာ သဘောထား ကွဲလွဲမှုမရှိဘူး။ အားလုံးက မြန်မာနိုင်ငံရဲ့ ဖြစ်တည်မှုကို လက်ခံတယ် နားလည်တယ်။ အာဆီယံ အသိုက်အဝန်း အတွင်းကနေ ပူးပေါင်းဆောင်ရွက် ဖြေရှင်းမှုကို လိုလားတယ်ဆိုရင်တော့ သူတို့ပြန်လက်ခံရ ကြမှာပေါ့” ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်မှ ဖြုတ်ချ၍ အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

ထို့နောက် အာဆီယံက မြန်မာ့အရေးမှာ ဝင်ရောက် ကိုင်တွယ်လာပြီး မြန်မာ့တပ်မတော် ခေါင်းဆောင်များကို အာဆီယံ အစည်းအဝေးများကနေ ဖယ်ထုတ်ထားသည်။

လက်ရှိအ‌ချိန်တွင် ရွေးကောက်ပွဲအလွန် ပေါ်ပေါ်လာသည့် အစိုးရသစ် တစ်ရပ်သည် အာဆီယံနှင့် ဆက်ဆံရေး အခြေအနေ ပြန်လည်ကောင်းမွန် လာနိုင်မလား ဆိုသည်ကို အားလုံးက စောင့်ကြည့်နေကြသည်။ 

အလားတူ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသည်မှာ ကြာလှပြီးဖြစ်ရာ အာရှလမ်းမကြီး ပြန်လည် ဖွင့်လှစ်၍ နယ်စပ်ကုန်သွယ်ရေးပြန်စရန်လည်း ပြင်ဆင်နေကြသည်။