CNI News

၂၀၂၃ ခုနှစ်၊ မေလ ၄

ပြီးခဲ့သည့် ဧပြီလအတွင်းနှင့် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ တရုတ်၊ ထိုင်း၊ ရုရှားနှင့် အိန္ဒိယနိုင်ငံတို့မှ သံတမန်များ နေပြည်တော်သို့ ခြေရှုပ်နေခြင်းကို ကြည့်ရခြင်းအရ မြန်မာ့စီးပွားရေး ပြန်လည် တိုးတက်လာ နိုင်ခြေရှိကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များက ပြောသည်။

ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်သည် ဧပြီ ၂၁ ရက်ကလည်းကောင်း၊ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း သည် ဧပြီ ၂၃ ရက်ကလည်းကောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကျင်းဂန်သည် မေလ ၂ ရက်ကလည်း ကောင်း နေပြည်တော်သို့ ရောက်လာ၍ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အလားတူ အိန္ဒိယသံအမတ်နှင့် ရုရှားသံတမန်များသည်လည်း မကြာခဏ လာရောက်၍ နစကနှင့်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေလျက်ရှိသည်။

တရုတ်နိုင်ငံအနေဖြင့် ကျောက်ဖြူစီမံကိန်းကို ဆက်လက် လုပ်ဆောင်လာနိုင်ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ကုလားတန်မြစ် စီမံကိန်းကို လုပ်လာမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် လုပ်ကိုင်လာနိုင် ကြောင်း မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ရုရှားသံတမန်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ် 

ဦးသက်ဇော်က “အခုလောလောဆယ်တော့ သက်ရောက်မှုတော့ မတွေ့သော်ငြားလည်းပဲ နောက်မကြာခင်မှာ တော့ သက်ရောက်မှုတော့ လာလိမ့်မယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်က သူက အတိအကျကို ပြော တာလေ သူက စီးပွားရေးအရ အဖက်ဖက်ကနေ အထောက်အပံ့ ပေးမယ်ဆိုတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက အတိအကျကို ထုတ်ပြောတယ်ဆိုတော့ လုပ်လက်စ ပရောဂျက်တွေကအစ ဆက်သွားလုပ်မယ့် သဘောတော့ မြင်တယ်။ ပရောဂျက်အရ ကျောက်ဖြူစီမံကိန်း ရထားလမ်းလည်း ပြန်စမယ်လို့ မြင်တယ် ဆရာတို့ကတော့။ အိန္ဒိယကလည်း သူက ရှင်းရှင်းပြောရရင် ကုလားတန်မြစ်ကမ်း စီမံကိန်းက အိန္ဒိယကလည်း မဖြစ်မနေ လုပ်ယူရ မယ့် သဘောတော့ ရှိတယ်။ ရုရှားကလည်း မကြာခဏ စီးပွားရေးဆိုင်ရာ ကိစ္စတွေ လာတယ်။ ဒါပေမယ့် သူနဲ့ လုပ်ဆောင်မှုက အချိန်ကတော့ လိုအုံးမှာပေါ့နော်။ တရုတ်နဲ့ အိန္ဒိယကတော့ လွယ်တယ်ပေါ့နော်။ ရုရှားကတော့ ဝင်ဖို့ နည်းနည်းလေး အချိန်ပေးရမယ် ထင်ပါတယ်။ ဒါပေမယ့် သူလည်း လေအားလျှပ်စစ်တို့ ဝင်ဖို့တော့ လုပ်နေ တာပဲလေ ရေအားလျှပ်စစ်တွေရော၊ လျှပ်စစ်ကဏ္ဍကတော့ တော်တော်များများတော့ ရုရှားက ဝင်လာဖို့ ရှိပါ တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် နစက၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ပြီး ကုလားတန်မြစ်ကြောင်း စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသည်။

ထို့နောက် ဧပြီလ ၂၈ ရက်နေ့တွင် နစကဥက္ကဋ္ဌနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌတို့ တွေ့ဆုံ၍ ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumar နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တွေ့ဆုံစဉ်

ယခု မေလ ၂ ရက်နေ့တွင်လည်း နစကဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်၌ တွေ့ဆုံပြီး စွမ်းအင်နှင့်လျှပ်စစ်ကဏ္ဍ အပြင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ကျောက်ဖြူစီမံကိန်း ဖော်ဆောင်နိုင်ရေး ဆွေးနွေးခဲ့သည်။
ထို့ပြင် တရုတ်နှင့်မြန်မာကြား အစိုးရအဆက်ဆက် သဘောတူခဲ့ကြပြီး ဆက်လုပ်ရန် ကျန်ရှိနေသေးသည့် စီမံကိန်းများကို ဆက်လက် အကောင်အထည် ဖော်သွားရန်ရှိကြောင်း စီးပွားရေး လေ့လာသူများက ပြောသည်။

နေပြည်တော်သို့ သံတမန်များ လာရောက်ခြင်းသည် နိုင်ငံရေး အရွေ့တစ်ခုကို ဖော်ဆောင်နေခြင်းဖြစ်ပြီး နိုင်ငံရေး အရွေ့နှင့်အတူ စီးပွားရေးလည်း ပါဝင်လာမည် ဖြစ်ခြင်းကြောင့် ကောင်းမွန်သည့် အကျိုးများ ရလာမည်ဟု ဘဏ်ရေးရာ ကျွမ်းကျင်ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

ဦးဋ္ဌေးအောင်ကြည်က “အခြေခံကတော့ နိုင်ငံရေးပေါ့လေ။ ၁၉၆၀ လောက်ကတော့ ငြိမ်ခဲ့ကြတယ် စီးပွားရေး အခြေခံနဲ့ အပေါ်ထပ် အဆောက်အအုံလို့ ခေါ်တာပေါ့။ ဒါပေမယ့် ဒီဘက်ခေတ်မှာ သေချာ စဉ်းစားလာကြတဲ့ အခါကျတော့ နိုင်ငံရေး အခြေခံ ဖြစ်နေတာပေါ့။ နိုင်ငံရေးကောင်းမှ စီးပွားရေးကောင်းမှာပေါ့။ စီးပွားရေးကောင်းမှ နိုင်ငံရေး ပြန်ကောင်း တိုင်းပြည်က ချမ်းသာလာ ပညာလာတက်ကြ ဒါက ကျယ်ကျယ်ပြန့်ပြန့် ပြောတာပေါ့။ နိုင်ငံ ရေး အရွေ့တစ်ခုတော့ ကြိုးစားနေကြတယ်လို့ ထင်တယ်။ အဲတော့ နိုင်ငံရေး အရွေ့တစ်ခုဆိုတာက လူ့လောက မှာက နိုင်ငံရေး သဘောတရား တစ်ခုမှာက ကိုယ်ဖြစ်ချင်တာ အားလုံး အမြဲတမ်း ဖြစ်နေလို့ မရဘူး။ ဒါကို နားလည်ရင်တော့ နိုင်ငံရေးအရွေ့တစ်ခု ဖြစ်သွားရင်တော့ စီးပွားရေးပါ ကောင်းလာမှာပေါ့။ သံတမန်တွေ လာ တယ်ဆိုတာကလည်း နိုင်ငံရေး အရွေ့တစ်ခုနဲ့ including စီးပွားရေးပါ ပါတာပေါ့။ တစ်ခုတော့ အကျိုးကျေးဇူး ကောင်းကျိုးတစ်ခုတော့ ရလာတယ်လို့ မြင်တာပေါ့” ဟု ပြောသည်။

လက်ရှိ မြန်မာသည် အမေရိကန်၊ ဥရောပနိုင်ငံတို့နှင့် သံတမန် ဆက်ဆံရေး ကောင်းမွန်မှု အားနည်းနေသော် လည်း တရုတ်၊ ရုရှား၊ ထိုင်း၊ အိန္ဒိယ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့တို့နှင့် ဆက်ဆံရေးကောင်း တစ်ရပ်ကို တည်ဆောက်လျက်ရှိသည်။