CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၃

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်သည် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံရန် နေပြည်တော်သို့ မကြာခင်သွားရောက်မည်ဖြစ်ကြောင်း RCSS ပိုင် Tai Freedom သတင်းဌာနက ရေးသား ထုတ်လွှင့်ခဲ့သည်။

အဆိုပါ ခရီးစဉ်တွင် RCSS ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်ကြီး ယွက်စစ်က ဦးဆောင်၍ ဗဟိုကော်မတီဝင်များ ဖြစ်သည့် ဗိုလ်မှူးကြီးဆောင်းဟန်၊ ဒုဗိုလ်မှူးကြီး အုပ်ခေး၊ ဗဟိုဦးဆောင်ကော်မတီဝင်များဖြစ်သော ဗိုလ်မှူး နန်းမိုးမိုးစော၊ ဗိုလ်မှူးနန်းစံဖောင်းနှင့် အထောက်အကူပြု အဖွဲ့များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နစက ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့အား တွေ့ဆုံ၍ လက်ရှိ နိုင်ငံရေးအခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ Bilateral ပါ အချက်အလက်များ၊ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်များ စသည်တို့ကို ဆွေးနွေးကြမည်ဖြစ်သည်ဟု Tai Freedom က ရေးသား ဖော်ပြထားသည်။

RCSS ကိုယ်စားလှယ်အဖွဲ့နဲ့ နစက၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကိုတွေ့ရစဉ်

သို့သော် မည်သည့်အချိန်တွင် သွားရောက်မည်ကိုတော့ ရေးသားဖော်ပြထားခြင်းမရှိပေ။ နီးစပ်သူများကတော့ ယနေ့နေပြည်တော်ရောက်မည်ဟု ပြောသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်သည် ၂၀၂၂ ခုနှစ်၊ မေလက နေပြည်တော် လာရောက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် နစက၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ကို တွေ့ဆုံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ သေးသည်။

RCSS/SSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်သည်။