CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ်က မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။
နောက်ဆက်တွဲ ငလျင်ငယ် ၃ ခုခန့် လှုပ်ရှားခဲ့သေးသည်။
ထို့နောက် နေပြည်တော်ကောင်စီနယ် မြေအတွင်းမှာ သပြေကုန်းဈေးရှိ အဆောက်အအုံများ ပြိုကျခဲ့သလို လူနေအိမ်များနှင့် လမ်းများ ပျက်စီးပြိုကျခဲ့သည်။
အဆိုပါ အခြေအနေကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်စစ်ဆေးခဲ့သည်ကို တွေ့ရသည်။
အရေးပေါ်သွေးလိုအပ်မှုများလည်း ရှိနေကြောင်း နစက,က သတင်းထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသတို့ရှိ ငလျင်ဒဏ်သင့်သည့် နေရာများကို အရေးပေါ် အခြေအနေအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ကြေညာလိုက် သည်။