CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့မှာ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(MNDAA)နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ငလျင်ဘေးသင့် ပြည်သူများ ကူညီရေး အလှူခံကောက်နေ ရင်း နှစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက်က ကွတ်ခိုင်မြို့ မီးပွိုင့်မှာ TNLA နှင့် TLEC တို့ အလှူခံကောက်ကြပြီး MNDAA က မြို့မစျေး အလွယ်ပေါက်မှာ အလှူခံကောက်ကြရာ ခွင့်ပြုချက်မတောင်းပဲ MNDAA က အလှူခံကောက်သည်ဟုဆိုကာ TNLA မှ လာရောက်တားဆီးစဉ် နှစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
TNLA ၊ MNDAA ၊ KIA တို့သည် ကွတ်ခိုက်မြို့နယ်အတွင်း နယ်မြေအငြင်းပွားနေသလို အုပ်ချုပ်ရေးလည်း အငြင်းပွားကာ မကြာခဏ ပွတ်တိုက်မှုများ ဖြစ်ပွားလေ့ရှိသည်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားခဲ့သည်။
အဆိုပါ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်၊ မကွေး စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး ၄၀၀၀ ဝန်းကျင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ထို့ပြင် လမ်းတံတားများ၊ လူနေအိမ်များ၊ ဟိုတယ်များ၊ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ ဘာသာရေး အဆောက်အအုံများလည်း ပြိုကျပျက်စီးခဲ့သည်။