CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-MNDAA-AA)တို့သည် ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက်တွင် ပူးတွဲထုတ်ပြန်ကြေညာခဲ့သည်။

မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် နေပြည်တော် အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ နေရာ ဒေသ အများအပြား၌ ပြည်သူလူထုများစွာတို့၏ အသက်အိုးအိမ် စည်းစိမ်၊ အိမ်မွေးတိရစ္ဆာန်၊ လူနေအိမ်၊ တိုက် တာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ကျေးလက်ဆေးပေးခန်းများ၊ ဘုရားကျောင်းကန် စေတီ ပုထိုးများ၊ ဗလီများ အပါအဝင် သာသနိက အဆောက်အအုံများ၊ တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြောက်မြားစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့ကြောင့် ဤထုတ်ပြန်ချက်အား ထုတ်ပြန်လိုက်သည့် အချိန်မှစတင်ပြီး မိမိတို့ ညီနောင်မဟာမိတ်များနှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သည့် တုန့်ပြန်မှုမျိုးမှလွဲ၍ မိမိတို့ဘက်မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မည်မဟုတ်ဘဲ ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာ တစ် ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း TNLA-AA-MNDAA တို့ ပူးတွဲထုတ်ပြန်ခဲ့သည်။

အဆိုပါ မဟာမိတ်သုံးဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှာ မြန်မာ့ တပ်မတော်ကို ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ထိုသို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများအတွင် AA သည် ရခိုင်ပြည်နယ်အတွင်းမှာ သံတွဲ၊ ဂွ၊ အမ်း၊ မင်းပြား၊ မြောက်ဦး၊ မောင်းတော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏကျွန်း၊ မာန်အောင်၊ ပေါက်တော၊ တောင်ကုတ်၊ မြေပုံ စသည့် ဒေသများကို ထိန်းချုပ်ထားသည်။

အလားတူ TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊ သီပေါနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်၊ မိုးမိတ်၊ မဘိမ်းတို့ကို ထိန်းချုပ်ထားသည်။

ထို့နောက် MNDAA က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ လားရှိုး၊ ချင်းရွှေဟော်၊ ကွတ်ခိုင်တို့ကို ထိန်းချုပ်ထားသည်။