CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆

မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ သိမ်းပိုက်ရရှိထားသည့် နယ်မြေ အနေထားများအရ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့အချို့အတွက် အရှုံးမရှိသဖြင့် NSPNC ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးမှုများ ပြုလုပ်ထားသည်။

ထို့ပြင် မြောက်ပိုင်းအဖွဲ့များအား လာမည့် ဩဂုတ်လ၌ နေပြည်တော်သို့ လာရောက်၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထိုသို့ ဆွေးနွေးရာတွင် NSPNC သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းကနေသာ စဉ်းစားသဖြင့် ဖွဲ့စည်းပုံထက် ကျော်လွန်တောင်းဆို၍ ရမည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များကို တွေ့ရစဉ်

၎င်းက “ဘယ်လိုပဲပြောပြော ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းကပဲ ဖြစ်နေမှာပေါ့။ အဲဒီတစ်ခုကတော့ သေချာတယ်။ အဲဒီလို ပြောရတာလည်း ကျယ်တော့ ကျယ်ပြန့်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်ပြီးတော့ ကွန်ဖက်ဒရေးရှင်း ပုံစံမျိုးတွေကတော့ တောင်းဆိုလို့ရမှာ မဟုတ်ဘူးလို့ အကြမ်းဖျင်း ပြောတာပေါ့။ အဲဒီတော့ သေချာတာကတော့ နှစ်ဘက်က ဒီလို Consecutive Engagement ပေါ့။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ သဘောထား အပြုသဘောဆောင်တဲ့ တွေ့ဆုံမှု ဖြစ်သွားတယ်ဆိုရင်တော့ စစ်ရေးနဲ့ပတ်သက်တဲ့ အရာတွေက တော့ ငြိမ်းသွားမှာပေါ့နော်။ ဘာပဲပြောပြော သူက ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းကပဲ ဖြစ်နေမှာပဲ။ အထူးသဖြင့်ကတော့ မြောက်ပိုင်းအဖွဲ့ထဲမှာတော့ TNLA တို့၊ MNDAA တို့ကတော့ လာနိုင်တာပေါ့။ အထူးသဖြင့် တော့ MNDAA ကတော့ လာနိုင်တာပေါ့နော်။ သူက လာစရာလည်း သူ့ဘက်က ဘာမှ အရှုံးမရှိဘူးလေ။ သူက နယ်မြေ အသွင်အပြင်အရကိုက MNDAA တို့၊ “ဝ” တို့က ဘာပဲပြောပြော သူတို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့် အတွက် က နည်းနည်းလေး သဘာဝကျတဲ့ အနေအထားကတော့ ရှိတယ်။ အစကတည်းက နိုင်ငံရေး ပထဝီအရပဲ ပြော ပြော၊ ဘာ ပထဝီနဲ့ပဲ ပြောပြောပေါ့။ KIA ကြတော့ နည်းနည်းခက်တယ်။ ခက်တယ် ဆိုတာက သူက အစဉ်အဆက် ကိုက ကချင်ပြည်နယ်ဆိုတာကိုက ရှမ်း၊ ဗမာ အဓိက အများစုဖြစ်တယ်။ ဒီသဘောရှိတဲ့ အခါကြတော့ သူက လည်း အစဉ်အဆက်မှာ သူကလည်း ရိုးသားမှု မရှိတဲ့အခါကြ‌တော့လေ သူနဲ့တော့ တစ်မျိုး ဒီဘက်ကလည်း သတိ ထားမှာပေါ့။ သူက လာဖို့ကလည်း မလွယ်ဘူး။ သူက စကားတွေကလည်း ကျွံတာတွေကလည်း များခဲ့ပြီပေါ့။ ဒီအနေအထားကို သွားတွေ့တယ်” ဟု ပြောသည်။

မြောက်ပိုင်းအဖွဲ့များအား ငြိမ်းချမ်းရေး ဖိတ်ခေါ်ရာတွင် အာရက္ခတပ်တော်(AA) ပါဝင်မှု ရှိ၊ မရှိသည် နိုင်ငံတော် သမ္မတ၏ မူဝါဒအပေါ် အဓိက မူတည်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက ဆက် ပြောသည်။

AA နဲ့  ချင်း PDF တို့ကို တွေ့ရစဉ်

၎င်းက “AA ကြတော့ သူက နိုင်ငံတော်သမ္မတရဲ့ မူဝါဒအပေါ်မှာပဲ အဓိကမူတည်မှာပေါ့နော်။ သူလုပ်ခဲ့တဲ့ အရာ တွေက ပြောရရင် စစ်ရာဇဝတ်မှုတွေက တော်တော်များတာကို။ ကျောက်တော်မှာ လူ ၉၀၀ ကျော် ရေထဲကလူ တွေကို ဓားနဲ့ခုတ်၊ သေနတ်နဲ့ ပစ်တာတွေ လုပ်ထားတဲ့ ကိစ္စမျိုးတွေကြတော့ ‌‌တော်ရုံတန်ရုံလောက်က ဒီဘက်က အမျိုးသားရေး အုပ်စုတွေရော၊ တပ်မတော် ထောက်ခံတဲ့လူတွေရော အားလုံးက ဒီကိစ္စကြီးမှာ သူတို့ကို ကျေအေး ပေးဖို့ဆိုတာတော့ ခက်တယ်။ ခက်တယ်ဆိုတဲ့ အခါကြတော့ ဒါကတော့ သမ္မတကြီးက သူဆုံးဖြတ်ရမှာပေါ့။ အမျိုးသားရေးသမားတွေ၊ တပ်မတော် ထောက်ခံသူတွေကတော့ သူ့ကို သိပ်ကျေနပ်မှာတော့ မဟုတ်ဘူး။ ခက် တာက သူ့ဘက်ကလည်း သူများနဲ့မတူဘူးပေါ့။ ဆိုတဲ့ အခါကြတော့ သူကတော့ အနေအထား တစ်မျိုးဖြစ်မယ်။ ကျနော်ထင်တယ် သူနဲ့ကတော့ သိပ်တော့ မလွယ်ဘူး ပြောရမှာပေါ့။ ဖြစ်တော့ ဖြစ်နိုင်တာပေါ့နော်။ ကောင်းတဲ့ result ရဖို့ခက်တယ်လို့ ဆိုလိုတာပါ။ ပါလာရင်လည်း ပါလာမှာပါ ဒါကတော့ ပြောလို့မရဘူး‌ပေါ့နော်။ ဒါကတော့ နိုင်ငံရေးဆိုတာကတော့ ကစားကြတဲ့ အမျိုးကို” ဟု ပြောသည်။

မြောက်ပိုင်းအဖွဲ့ အများစုသည် တရုတ်၏ လောင်းရိပ်မှ မလွတ်သဖြင့် တရုတ်မှ ငြိမ်းချမ်းရေး လိုချင်သည်ဆိုပါက ၎င်းတို့အနေဖြင့် မဖြစ်မနေ မသွားမနေရဆိုသည့် အပိုင်းများ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့  ပြောသည်။

၎င်းက “မြောက်ပိုင်းအဖွဲ့တွေကတော့ သူတို့ကတော့ နည်းနည်း အခက်အခဲ ရှိတာပေါ့။ စစ်ဧရိယာတွေက နယ်စပ် မှာဆိုတော့ တရုတ်ရဲ့ လောင်းရိပ်ကလည်း မလွတ်ဘူးပေါ့။ အထူးသဖြင့် တရုတ်ရဲ့အခြေခံမှု ဆိုတာထက် တရုတ် ရဲ့ ပြောဆိုချက်အပေါ်မှာ သူတို့အနေနဲ့ မငြင်းဆန်နိုင်တဲ့ အခြေအနေမျိုးတော့ တွေ့မြင်နေရတယ်။ ဒါကြောင့်မို့ လို့လည်း တရုတ်ပြည် ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင်တော့ တရုတ်ပြည် စီးပွားရေး၊ တရုတ်ပြည်ရဲ့ အကျိုး အမြတ်အတွက် တရုတ်ကလည်း လုပ်ခိုင်းမယ့် သဘောမျိုးတော့ ရှိပါတယ်။ ဒါကြောင့်လည်း မဖြစ်မနေ၊ မသွား မနေရဆိုတဲ့ အပိုင်းတွေနဲ့ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ အခင်းအကျင်း ဆိုတာထက် တရုတ်ပြည်ရဲ့ လိုလားချက် ကြောင့်မို့လို့ ဖြစ်လိမ့်ပါလိမ့်မယ်။ သွားမယ်၊ မသွားဘူးဆိုတာကတော့ ဖိတ်ကြားတိုင်းလည်း ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ဟာမျိုးတော့ ဖြစ်ချင်မှ ဖြစ်ပါမယ်။ သူတို့အထဲမှာ အရင်ဆုံး pre ပေါ့ ဆွေးနွေးမှုတွေ အဆင့်ဆင့်နဲ့ လုပ်ပြီးမှ၊ လုပ်သွားပြီးမှ လုပ်တာကတော့ သူတို့အတွက် အကျိုးပိုရှိလိမ့်မယ်လို့ပဲ ကျနော်က ဒီလိုပဲမြင်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် NSPNC သည် ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်တွင် ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ ရှမ်းနီ အမျိုးသားများတပ်မတော် (SNUC/SNA) တို့နှင့်လည်းကောင်း၊ ဇွန်လ ၁၀ ရက်နေ့တွင် NCA လက်မှတ် ထိုးထား သည့် 7 EAO Alliance တို့နှင့်လည်းကောင်း၊ ဇွန်လ ၁၂ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် လည်းကောင်း၊ ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်တွင် အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

သမ္မတဦးမင်းအောင်လှိုင် အနေဖြင့် ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအား ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက် နေ့အထိ ရက်ပေါင်း ၁၀၀ အတွင်း သတ်မှတ်ထားခြင်းဖြစ်သည်။