CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆

တရုတ်-အိန္ဒိယတို့၏ စီမံကိန်းများ ဆက်လက် အကောင်အထည် ဖော်နိုင်‌ရေးအတွက် ကချင်လွတ်လပ်‌ရေး တပ်မတော် (KIA) နှင့် အာရက္ခတပ်တော် (AA) သည် မည်မျှ အရေးပါသလဲ ဆိုသည့်အပေါ် နိုင်ငံ‌ရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များအကြား မေးခွန်းထုတ်မှုများရှိသည်။

မြန်မာနိုင်ငံတွင် တရုတ်နှင့် အိန္ဒိယတို့ အကောင်အထည်ဖော်နေသည့် စီမံကိန်းများရှိရာ ‌ဒေသများသည် တိုင်းရင်းသားလက်နက်ကိုင်များ အသီးသီး လှုပ်ရှားနေကြပြီး တိုက်ပွဲများ ဖြစ်ပွားနေသည့် နယ်မြေများလည်း ဖြစ်သည်။ 

အစိုးရအနေဖြင့် ထို‌စီမံကိန်းများရှိသည့် ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် စေ့စပ်ညှိနှိုင်းဆွေးနွေး သည့် အခင်းအကျင်းများ ပေါ်လာနိုင်ကြောင်း၊ တရုတ်- အိန္ဒိယ နှစ်နိုင်ငံအစိုးရ အနေဖြင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများအပေါ် ဖိအားပေးမှု၊ ကြားဝင် စေ့စပ်မှုများလည်း မြင်တွေ့လာရနိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူများက ‌ထောက်ပြကြသည်။

တရုတ်၏ စီမံကိန်း အများစုရှိသော နယ်မြေများကို ထိန်းချုပ်ထားသည့် (KIA) အနေဖြင့် လက်ရှိ အနေအထားအရ တရုတ်အတွက် ပိုမို အရေးပါနေကြောင်း၊ မြန်မာအစိုးရသည် စစ်ကိုင်းတိုင်းထိ အာဏာသက်ရောက်လျှင် အိန္ဒိယ အတွက် KIA သည် စိုးရိမ်စရာမရှိဘူးဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။ 

KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် အဖြစ် တာဝန်ယူခဲ့ဖူးသူ မစ္စတာဆွန်ကော်ရှန်ကို တွေ့ရစဉ်

၎င်းက “KIA အနေနဲ့က အဓိက,ကတော့ သူက တရုတ်နဲ့ပိုပြီးတော့ အရေးပါတာပေါ့။ ဘာလို့လဲဆိုတော့ KIA ထိန်းချုပ်နယ်မြေ အများစုမှာပဲ သယံဇာတတွေ တူးဖော်နေတာ တွေ့ရမယ်။ ပြီးတော့ တရုတ်နိုင်ငံရဲ့ သယံဇာတ တခြား ကုန်ကြမ်းပစ္စည်းတွေ ရရှိဖို့အတွက်လည်း သူတို့ KIA ထိန်းချုပ်နယ်မြေတွေကို ဖြတ်သန်းသွားလာ နေရ တာဖြစ်တယ်။ နောက်တစ်ခုကတော့ တရုတ်တွေ တအားကြိုက်တဲ့ ကျောက်စိမ်းပေါ့နော်၊ ကျောက်စိမ်း တူးဖော် ရေး လုပ်ကွက်တွေ အများစုကို KIA တွေ ထိန်းချုပ်ထားတဲ့ အတွက်ကြောင့် KIA ထိန်းချုပ်နယ်မြေထဲမှာ ရောက် နေတဲ့အတွက်ကြောင့် KIA ဟာ တရုတ်အတွက် အများကြီး အရေးကြီးတဲ့ထဲမှာ ပါပါတယ်။ အိန္ဒိယနဲ့ကျတော့ အိန္ဒိယက အရှေ့မြောက် ပြည်နယ်(၄)ခုအတွက် သူက Supply လမ်းကြောင်း လိုချင်တာ အဓိက,က အိန္ဒိယဘက် က ကြည့်တာက။ အဲဒီတော့ KIA က သူတို့အတွက် အဲဒီလောက်ထိ အရေးကြီးတာ မဟုတ်ဘူး။ ဆိုလိုတာကတော့ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေအထိ မြန်မာအစိုးရရဲ့ လွှမ်းခြုံမှု အာဏာ သက်ရောက်တယ် ဆိုရင် KIA ဟာ အိန္ဒိယအတွက် ဘာမှ မဟုတ်တော့ဘူး အဲဒီလိုမြင်တယ်” ဟု ပြောသည်။ 
လက်ရှိတွင် အိန္ဒိယ၏ ကုလားတန်မြစ် စီမံကိန်း လမ်းကြောင်းတစ်ခုလုံးကို AA က အဓိက စိုးမိုးထားပြီး နယ်စပ် ကုန်သွယ်‌ရေးလမ်းကြောင်းများကို ချင်းလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားခြင်းကြောင့် စီမံကိန်း ဆက်လက် အကောင်အထည် ဖော်နိုင်ရန်အတွက် ထိုအဖွဲ့များအား မဖြစ်မနေ ထိတွေ့ဆက်ဆံရမည်ဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက‌ ထောက်ပြကြသည်။ 

အိန္ဒိယစီမံကိန်းများ ဆက်လက် အကောင်အထည် ဖော်‌ဆောင်နိုင်ရေးအတွက်မှာ AA အပေါ်တွင် အဓိက မူတည်နေကြောင်း၊ အိန္ဒိယအနေဖြင့် ၎င်း၏ စီမံကိန်းများ ဖော်ဆောင်နိုင်ရေးအတွက် AA ကို အင်အားချိနဲ့လာ အောင် ကူညီလာနိုင်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေက  CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “AA က အရေးပါနေတာ မဟုတ်ဘူး အနှောင့်အယှက်ပေးသလို ဖြစ်နေတာ။ AA ရှိနေလို့  အဲဒီက ကုလား တန်ဘက်စုံ စီမံကိန်းက မအောင်မြင်နေတာ။ အဲဒီတော့ AA ရှိနေတဲ့ အတွက်ကြောင့် ကုလားတန်ဘက်စုံ စီမံကိန်း က တို့လို့တန်းလန်းနဲ့ ရပ်သွားတာဖြစ်တယ်။ ရပ်သွားတဲ့ အတွက်ကြောင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ် လေးခု ရဲ့ ထုတ်ကုန်တွေလည်း မပို့နိုင်သလို အဲဒီက ပြည်နယ်ရဲ့ လိုအပ်ချက်တွေ Supply လမ်းကြောင်းလည်း ပျောက် သွားတာ ဖြစ်တယ်။ ဒါက ဗဟိုအစိုးရကို AA ကို ထိန်းချုပ်နိုင်ရေး အင်အားလျော့ပါးသွားအောင် အိန္ဒိယက ကူညီ တဲ့ အဆင့်တောင် ရောက်လာလိမ့်မယ်လို့ မြင်ပါတယ်” ဟု ပြောသည်။ 

 AA ခေါင်းဆောင်များကို တွေ့ရစဉ်

အိန္ဒိယသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ-ယာကြီး-မုံရွာကို ဖြတ်သန်း၍ အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်း ဖော်ဆောင်ရေး စီမံကိန်းကိုလည်း ပြင်ဆင်လျက်ရှိနေသည်။

တရုတ်-အိန္ဒိယ-မြန်မာ အကျိုးစီးပွားသည် သက်ဆိုင်ရာနိုင်ငံများ၏ ဗဟိုအစိုးရ အပေါ်တွင်သာ တိုက်ရိုက် ဆက်စပ်ကြောင်း၊ တရုတ်-အိန္ဒိယအတွက် တိုင်းရင်းသား လက်နက်ကိုင်များသည် အရေးပါသည့် အနေထား မရှိဘူးဟု ရခိုင့်ဦးဆောင်ပါတီ(ANP)မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “တရုတ်ရဲ့ အိမ်နီးနားချင်းက မြန်မာ၊ တရုတ်ရဲ့ အကျိုးစီးပွားနဲ့ မြန်မာရဲ့ အကျိုးစီးပွားက တိုက်ရိုက် ဆက်စပ်တယ်။ အဲဒီလိုပဲ အိန္ဒိယရဲ့ အကျိုးစီးပွားနဲ့လည်း မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားက တိုက်ရိုက် ဆက်စပ် တယ်။ အဲဒီတော့ အိန္ဒိယ-မြန်မာ၊ တရုတ်-မြန်မာ အဲဒီလိုသွားတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေလောက်နဲ့ နိုင်ငံကြီးတွေက စကားပြောတာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာလည်း ရှိမှာပေါ့ဗျာ။ အိန္ဒိယကို ဆန့်ကျင်တဲ့ Naga land ဘက်က သူပုန်တွေ ရှိကောင်းရှိနိုင်တာပေါ့။ ဒါက အိန္ဒိယအတွက်ရော မြန်မာ အတွက်ရော အရေးမပါဘူးဗျ။ အဲဒီလိုပဲ KIA တို့ကလည်း အိန္ဒိယအတွက်ရော၊ တရုတ်အတွက်ရော အရေးမပါဘူး ဗျ၊ မြန်မာနိုင်ငံအတွက်ပဲ အရေးပါတယ်။ KIA သည် မြန်မာနိုင်ငံအတွက် အရေးပါတယ်၊ AA သည် မြန်မာနိုင်ငံ အတွက် အရေးပါတယ်။ AA သို့မဟုတ် KIA သည် မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားဖြစ်တယ် အဲဒီလိုပဲ တွေးရမှာ။ AA က ဥပမာ အိန္ဒိယအကျိုးစီးပွားရှိတဲ့ နေရာမှာ ရှိနေလို့ အိန္ဒိယအတွက် အရေးပါတဲ့ ဆိုတာက အိန္ဒိယတစ်နိုင်ငံလုံး ရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့အခါမှာ သူ့ရဲ့ နိုင်ငံခြားရေး ပေါ်လစီ‌ ဒါတွေနဲ့ ပတ်သက်တဲ့အခါမှာ အလွန်တရာ သေးငယ်တဲ့ အမှုန်လေး ဖြစ်သွားတယ်။ အဲဒီလိုပဲ KIA လည်း ဒီအတိုင်းဖြစ်တာပါပဲ”ဟု ပြောသည်။

တရုတ်သည် လာမည့် ငါးနှစ်အတွင်း၌ မြန်မာနိုင်ငံတွင် ပိုးလမ်းမစီမံကိန်းနှင့် ကျောက်ဖြူရေနက် စီမံကိန်းကို အပြီးသတ် လုပ်သွားမည့် အလားအလာ ရှိနိုင်သည်ဟု တရုတ်-မြန်မာအရေး လေ့လာသူများက ‌ထောက်ပြကြ သည်။

ထို့အတူ အိန္ဒိယအစိုးရကလည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်(ပလက်ဝ)ကို ဖြတ်သန်းထားသော ကုလားတန် မြစ် ဘက်စုံ စီမံကိန်းကို ၂၀၂၇ ခုနှစ်အကုန်မှာ အပြီးသတ် အကောင်အထည် ဖော်လိုကြောင်း သဘောထားရှိ နေသည်။