CNI News

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈

မကြာသေးခင်က တရုတ်- မြန်မာ တွေ့ဆုံဆွေးနွေးမှု နောက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခ အခြေအနေများသည် ပိုမိုကောင်းမွန်လာနိုင်သည့် အနေအထားမျိုး ဖြစ်လာနိုင်သည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်‌ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။ 

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၅ ရက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံ‌ရေး၊ တည်တံ့ခိုင်မြဲရေးကို စွဲစွဲမြဲမြဲ ထောက်ခံ အားပေးလျက်ရှိမှု၊ နိုင်ငံ‌တော် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား ရင်ကြားစေ့ရေးနှင့် လူ့ဘောင် အဖွဲ့အစည်း သဟဇာတ ဖြစ်မှုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ထောက်ခံ အားပေးလျက်ရှိ မှု အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။ 

တရုတ်- မြန်မာ တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းတွင် တရုတ်၏ ဖိအားအရ ရှမ်းမြောက်တွင် လက်နက်ကိုင် ပဋိပက္ခ အခြေအနေသည် များစွာကောင်းမွန်လာနိုင်မည့် အနေအထားမျိုး မြင်တွေ့ရကြောင်း၊ ထိုမှတဆင့် စီးပွားရေး လမ်းကြောင်းများ ပြန်ပွင့်လာနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO-NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။  

ရှမ်းပြည်နယ်မြောက်ပိုင်း လက်နက်ကိုင်များကို တွေ့ရစဉ်

၎င်းက “အဓိက,ကတော့ တရုတ်ကတော့ သူလုပ်ချင်တဲ့အလုပ်၊ သူ့အကျိုးစီးပွားကို ကာကွယ်တဲ့ အနေနဲ့ လက်ရှိ အနေအထားကိုသူ ထိန်းပြီးတော့ သွားမှာပဲ သဘောကတော့။ လက်ရှိ သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ အစိုးရအဖွဲ့နဲ့ ပြီးတော့ ‌ရွေးကောက်ပွဲရလဒ်နဲ့ ပေါ်လာတဲ့ လွှတ်တော်၊ အဲဒီကနေပြီးမှ ရွေးတဲ့သမ္မတပေါ့ဗျာ။ ဒီအခင်းအကျင်း တွေကို အားလုံး သူလက်ခံ အသိအမှတ်ပြုတဲ့ သဘောကို ပြသတဲ့အနေနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီလို လက်ခံခြင်းအားဖြင့် သူ့အတွက်က လမ်းကြောင်းတွေ (China -Myanmar Economic corridor) ကိစ္စ‌တွေ အားလုံး တစ်ဆင့်ပြီးတစ်ဆင့် အဆင်ပြေသွားအောင် လုပ်သွားမယ်လို့ ယူဆရတယ်။ ဒါကြောင့် အဲဒါကတော့ ရှမ်းမြောက် ကုန်သွယ်ရေးလမ်းကြောင်း အခြေအနေတွေလည်း ကောင်းလာမယ်လို့ ယူဆရပါတယ်။ ဒါ‌ကြောင့် ရှမ်းပြည်မှာတော့ မြောက်ပိုင်း သူ့ရဲ့စီးပွားရေး အကျိုးစီးပွားအတွက် ကာကွယ်တဲ့ အနေနဲ့ ရှမ်းမြောက်ကတော့ လက်နက်ကိုင်ပဋိပက္ခ ပြန်ဖြစ်လာဖို့တော့ မလွယ်တော့ဘူးပေါ့နော်။ လုံခြုံ စိတ်ချသွားတဲ့ အခြေအနေတော့ ဖြစ်မယ် လို့ ယူဆပါတယ်။ တစ်ချက်တော့ ငြိမ်သွားတဲ့ သဘောပေါ့၊ ကင်းရှင်းသွားတဲ့သဘော။ နောက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်တဲ့ဟာမျိုး ပေါ်လာမယ်။ ဥပမာ TNLA က သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ အစိုးရအဖွဲ့ကို အသိအမှတ်ပြု တာတို့ ဘာတို့က နိုင်ငံရေး အလှည့်အပြောင်းတွေပေါ့။ စစ်အာဏာရှင် ဆန့်ကျင်ရေး ကနေပြီးတော့ လက်ရှိ သမ္မတနဲ့ အစိုးရအဖွဲ့ကို အသိအမှတ် ပြုတယ်ဆိုတာက ဒါက နိုင်ငံရေး အလှည့်အပြောင်း  ဖြစ်တာကိုဗျ။ မြောက်ပိုင်းမှာတော့ အားလုံးဒီအသံပဲ ထွက်ကြမယ်နဲ့ တူပါတယ်။ ဒါ တရုတ်ရဲ့ သြဇာအရပေါ့လေ။ အဲဒီလိုဖြစ်ရင် တော့ အခြေအနေက ချက်ချင်းကြီး မကောင်းလာတာတောင်မှ မြောက်ပိုင်းမှာတော့ ပဋိပက္ခ တော်တော် သက် သာသွားမယ့် သဘောတော့ ဖြစ်နိုင်တာပေါ့။ ကချင်ကလွဲရင်ပေါ့လေ။ ကချင်မှာတော့ ပဋိပက္ခ ကျန်ပါသေးတယ်” ဟု ပြောသည်။ 

တရုတ်အစိုးရသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားကြသော “ဝ”တပ်ဖွဲ့ (UWSA) နှင့်မြောက်ပိုင်း ၃ ဖွဲ့ ဖြစ်သည့် AA-TNLA-MNDAA တို့အပေါ် သြဇာလွှမ်းမိုးမှုရှိသည့်အပြင် လိုအပ်သလို ထိန်းချုပ်ကာ ထုတ်သုံး ကစားနိုင်သည့် အင်အားရှိသည်။ 

တရုတ်-မြန်မာ တွေ့ဆုံဆွေးနွေးပြီး နောက်တွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိလာနိုင်ကြောင်း၊ အထူး သဖြင့် ပြည်တွင်း ဆူပူသောင်းကျန်းမှုများကို အရေးပါသည့် အလှည့်အပြောင်းများ မြင်တွေ့လာရနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။ 

UWSA နဲ့ MNDAA ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “ပထမတစ်ချက်ကတော့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာနိုင်တယ်။ နောက်တစ်ခုက ဒီ အခု ဖြစ်နေတဲ့ ပြည်တွင်း ဆူပူသောင်းကျန်းမှုတွေမှာ အရေးပါတဲ့ အလှည့်အပြောင်းတွေ တွေ့လာရနိုင်တယ်။ အဓိက ကတော့ အဲဒါပေါ့နော်။ ပြောရမယ်ဆိုရင် TNLA ဖြစ်သွားတဲ့ ပုံစံမျိုး၊ MNDAA ဖြစ်သွားတဲ့ ပုံစံမျိုးပေါ့နော်။ TNLA ကလည်း အခုကျတော့ လက်ရှိ တပ်မတော် ကျောထောက် နောက်ခံပြုတဲ့ အစိုးရကို ထောက်ခံတယ်လို့ တရားဝင် ကြီး ထုတ်ပြီးတော့ သူ့ရဲ့လမ်းကြောင်းကြီးကို ပြောင်းပြန်ကြီး ပြန်လှည့်လိုက်သလိုမျိုးပေါ့နော်။ ဒီလိုဟာမျိုးကို ဆိုလိုတာပါ။ အဲဒါမျိုး ဖြစ်ခဲ့တယ်ပေါ့နော်။ အခုလည်း ဘာပဲပြောပြော ဒီလို တွေ့ဆုံမှုကနေပြီးတော့ ဒါမျိုးတွေ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူး။ ဥပမာဆိုပါတော့ MNDAA က ဝင်ပြီးတော့ ရှင်းပေးလိုက်တယ်ပေါ့နော်။ သူရှင်းပေး လိုက်တာက ဖြစ်လာမယ့် အခင်းအကျင်း တစ်ခုအတွက်ကို ကြိုလုပ်ပေးသလားပေါ့။ ဥပမာဆိုပါတော့ TNLA က မဖယ်ပေးရင် မင်းဖယ် ငါနေရာ ယူလိုက်ပြီဆိုပြီးတော့ ပြောရမယ်ဆိုရင် MNDAA နဲ့ တရုတ်နဲ့ဆိုတာက တူတူပဲ လေ။ လူမျိုးချင်းကလည်း တူနေတာကို။ ဩဇာလည်း ပိုညောင်းတဲ့ သဘောရှိတာပေါ့။ ပိုပြီးတော့လည်း အထောက်အပံ့ ရတာပေါ့နော်။ ဒီသဘောမျိုး အတွက်ကိုလည်း ရှင်းပေးတာ ဖြစ်နိုင်တာပေါ့”ဟု ပြောသည်။ 

တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ အနေဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြစ်ဆုံဆည်၊ မိုးပျံရထားလမ်း၊ ကန်ပိုက်တည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ မူဆယ်- မန္တလေးကုန်သွယ်ရေးလမ်း‌၊ လျှပ်စစ်ရထားလမ်း၊ ရွှေလီ-မန္တလေး-ကျောက်ဖြူ အမြန်လမ်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်း‌ကြောင်း စသဖြင့် အများအပြား ရှိနေသည်။

လာမည့် နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းတွင် တရုတ်အနေဖြင့် “ဝ”၊ မိုင်းလား၊ ကိုးကန့် တို့ကို ငြိမ်းချမ်းရေး စားပွဲပေါ်ရောက်အောင် ဆက်လက် ကြိုးစားလာနိုင်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် တရုတ်အပေါ် မှီခိုရမည့် အနေအထားမျိုး ရှိနေကြောင်း၊ အစိုးရသစ် တစ်ရပ်သည် တရုတ်နိုင်ငံနှင့် မဟာဗျူဟာကျကျ ပူးပေါင်း ဆောင်ရွက် နိုင်သည့် အစိုးရမျိုး ဖြစ်လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။