CNI News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၂

မလေးရှား လ.ဝ.က ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများထဲမှ နေရပ် (မြန်မာနိုင်ငံ)သို့ မပြန်ချင်သူ အများအပြားရှိနေကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီ ဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားတစ်နိုင်ငံလုံး အတိုင်းအတာအရ ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ဦးရေမှာ များပြားလျက်ရှိသည်။

သို့သော် မြန်မာသံရုံးမှ နေရပ်ပြန်ပို့ရေးအတွက် လာရောက်မေးမြန်းရာတွင် နေရပ်မပြန်လိုကြသဖြင့် ထွက်မတွေ့ကြသူ အများအပြားရှိကြောင်း မလေးရှား၌ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါ လ.ဝ.က ထိန်းသိမ်းရေးစခန်းက တာဝန်ရှိပုဂ္ဂိုလ်တွေ ပြောပြလို့ သိရတာပါ။ ဥပမာအနေနဲ့ ထိန်းသိမ်း ရေး စခန်းတစ်ခုမှာ မပြန်ဘဲနဲ့ ငြင်းဆန်နေတဲ့ မြန်မာနိုင်ငံသားချည်းပဲ အနည်းဆုံး အယောက် ၃၀၀ လောက် ရှိပါ တယ်။ ဒါထိန်းသိမ်းရေးစခန်း တစ်ခုမှာတင်ပဲ ရှိပါသေးတယ်။ ထိန်းသိမ်းရေးစခန်းက အများကြီးရှိတယ်လေ။ လောလောဆယ် ဒီကလေးတွေကလည်း မြန်မာနိုင်ငံက အခြေအနေ အရပ်ရပ်ကြောင့် မပြန်ရဲသေးတာကြောင့် သူတို့ကလည်း ပြန်ဖို့အတွက် ငြင်းဆိုနေကြတာပေါ့။ သူတို့ဒီလို မပြန်ဘဲ ငြင်းဆန်နေသရွေ့ကတော့ ထိန်းသိမ်း ရေး စခန်းတွေမှာပဲ ရှိနေမယ်။ ဘာကြောင့်လဲဆိုတော့ မလေးရှားနိုင်ငံက လူ့အခွင့်အရေးတွေ ပေးထားတာတွေ ရှိပါတယ်။ ပြန်ဖို့အတွက် သဘောမတူသရွေ့ မလေးရှားအစိုးရကလည်း အတင်းအကျပ်ကြီး ပြန်ပို့တာမျိုး မတွေ့ရ သေးပါဘူး” ဟု ပြောသည်။

အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်စီများကိုတွေ့ရစဉ်

မလေးရှားအာဏာပိုင်များမှ နိုင်ငံအတွင်းရှိ တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသားများကို နေရပ်ပြန်ရေး အစီအစဉ်အား ဖွင့်လှစ်ပေးထားသော်လည်း နေရပ်ပြန်သည့်နှုန်းထားမှာ ၎င်းတို့ရှိ စာရင်းများနှင့် ကိုက်ညီမှုမရှိဘဲ အင်မတန်နည်းပါးလှကြောင်း သိရသည်။

လက်ရှိ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အများစုသည် အေးဂျင့်များဖြင့် နေထိုင်အလုပ်လုပ် ခွင့် ပါမစ်ပြုလုပ်ကြရာတွင် ပါမစ် အတုရရှိကြမှု များပြားနေကြောင်း၊ မလေးရှား အာဏာပိုင်များမှလည်း နိုင်ငံခြား သားများကို လျှော့ချချင်သဖြင့် အဖမ်းအဆီး များပြားနေကြောင်း ရခိုင်ဒုက္ခသည်များဗဟို CAR မှ ညွှန်ကြားရေးမှူး ချုပ် ဦးညီညီလွင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လက်ရှိ အစိုးရမှာလည်း စီမံချက်ရှိတယ်လေ။ စီမံချက်က ၃ နှစ်အတွင်းမှာ တရားမဝင် အလုပ်သမားတွေ ပပျောက်ရေး၊ နောက်ပြီး နိုင်ငံခြားသား အလုပ်သမားတွေ လျှော့ချပြီး နိုင်ငံသားအလုပ်သမားတွေကို သူတို့နေရာ မှာ skill တွေ မြှင့်တင်ပြီးတော့ အစားထိုးရေး ထုတ်ပြန်ထားတာရှိတယ်။ အဲဒီကိစ္စကို အကောင်အထည်ဖော်တဲ့ အခါကြတော့ အဖမ်းအဆီးက တော်တော်ကိုများပါတယ်။ ၂၄ နာရီ မပြည့်ခင်မှာ သူဋ္ဌေးက သွားရောက်တွေ့ဆုံပြီး ထုတ်ရတယ်။ ၃၊ ၄ ရက် ကြာပြီးမှဆို သူတို့အရမ်းစိတ်ဆိုးတယ်။ နောက် ပါမစ်တွေမှာက လိပ်စာပါပြီးသား ဖြစ်တယ် အဲဒီနေရာမှာ မဟုတ်ဘဲ တခြားမှာ သွားလုပ်နေရရင်တော့ ဥပဒေဖောက်ဖျက်မှုနဲ့ ဖမ်းတာတွေ ရှိတယ်။ ဒါပေမယ့်လည်း ဒဏ်ငွေ ၁၀၀၀ ပေးလိုက်ရင်တော့ ပြန်လွှတ်ပေးတာ များတယ်” ဟု ပြောသည်။

 မလေးရှားရောက် ရွှေ့ပြောင်းလုပ်သားတွေကို တွေ့ရစဉ်

ပြီးခဲ့သည့်ရက်ပိုင်းက မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ အရာရှိများနှင့် မြန်မာသံအမတ်တို့ တွေ့ဆုံခဲ့ကြပြီး ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာများ နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် ကျန်းမာရေး၊ လူမှုရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

မလေးရှားအာဏာပိုင်များမှ ပါမစ်ပြုလုပ်ပေးရာတွင် အလုပ်ရှင်သူဋ္ဌေး ရှိသူများကိုသာ ပြုလုပ်ပေးခြင်း ဖြစ်သော်လည်း အလုပ်ရှင်သူဋ္ဌေး မရှိသူများမှာ အေးဂျင့်များဖြင့် ပါမစ်ပြုလုပ်ကြခြင်းဖြစ်သည်။

ထိုသို့ အေးဂျင့်ဖြင့် ပါမစ်ပြုလုပ်ထားသူများအနေဖြင့် အော်ပရာစီ ဖမ်းဆီးခံရချိန်တွင် ပါမစ်မှာ ပါရှိသည့် နေရာ၊ အလုပ်အကိုင်နှင့် လွဲမှားလုပ်ကိုင်နေကြသည့်အတွက် ပြန်မလွတ်ဘဲ နေရပ်ပြန်ပို့ခြင်းကိုခံရကြောင်း သိရသည်။