CNI News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၂

ဗဟိုဘဏ်ကို သိက္ခာကျဆင်းစေရန်အတွက် မဟုတ်မမှန်သည့် သတင်းများထုတ်ပြန်ခဲ့သည့် NUGGETS Viber Group အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေး ကြေညာထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် သြဂုတ်လ (၁၀) ရက်နေ့ ညပိုင်းတွင် အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

NUGGETS Viber Group သည် နိုင်ငံခြား‌ငွေလွှဲနှုန်း ကမောက်ကမ ဖြစ်စေလိုသည့် ရည်ရွယ်ချက်များ၊ စျေးကစား လိုသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံခြားငွေစျေးနှုန်းများ သတ်မှတ်ခြင်း၊ တရားမဝင်‌ရောင်းဝယ်နေခြင်းများကို ဆောင်ရွက်နေခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။

 NUGGETS Viber Group လုပ်ငန်းစုကို တွေ့ရစဥ်

ဒါ့အပြင် NUGGETS Viber Group သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အပေါ် သိက္ခာကျဆင်းစေလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်သည့် သတင်းများထုတ်ပြန်ပြီး တရားမဝင် နိုင်ငံခြားငွေရောင်းဝယ်ခြင်းကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း NUGGETS Viber Group မှ ထပ်မံထုတ်ပြန်လာသည်ကို တွေ့ရသည် ဟုလည်း ဗဟိုဘဏ်က ဆိုထားသည်။

ထို့ကြောင့် NUGGETS Viber Group အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရန် တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အများပြည်သူများအနေဖြင့်လည်း မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက် လိုင်စင်ရရှိထားသည့် ဘဏ်များနှင့် Money Changer များတွင်သာ နိုင်ငံခြားငွေများအား ရောင်းဝယ်လဲလှယ်ခြင်း ပြုလုပ်ကြရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထည့်သွင်း အသိပေးထားသည်။