CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၅
မြန်မာ့တပ်မတော်၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် ဘဏ္ဍာငွေ ထောက်ပံ့မှု ပြုလုပ်ပေးနေသည်ဟုဆိုကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ အပါအဝင် ဝန်ထမ်း ၄၄ ဦး အကြမ်းဖက်သမားများအဖြစ် အမျိုးသားညီညွတ် ရေးအစိုးရ(NUG)က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ထုတ်ပြန်ခဲ့သော ဝန်ထမ်းများမှာ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ ဒုဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်အောင်၊ ညွှန်ကြားရေးမှူးချုပ်များ အပါအဝင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ ပါဝင်ကြသည်။
ဗဟိုဘဏ်တစ်ခုအနေဖြင့် နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီပြီး ပြည်တွင်းဈေးနှုန်းတည်ငြိမ်ရေးကို ရရှိစေမည့် ငွေကြေးမူဝါဒကို ချမှတ်၍ အကောင်အထည်ဖော်မှု မရှိခြင်း၊ ယင်းအစား ပြည်တွင်းသုံးငွေကြေး(မြန်မာကျပ်) အား အမြောက်အများ ရိုက်ထုတ်ခဲ့ပြီး နစက (မူရင်း- အကြမ်းဖက်အုပ်စု)အတွက် အဓိကငွေကြေး ထောက်တိုင်များ အဖြစ် ဆောင်ရွက်ခဲ့ခြင်း၊ ယင်း၏ အကျိုးဆက်အဖြစ် အဆမတန် ငွေကြေးဖောင်းပွမှုကြောင့် ပြည်သူများ ကုန် ဈေးနှုန်း ကြီးမြင့်သည့်ဒဏ်ကို ခံစားကြရကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NUG ရဲ့ ထုတ်ပြန်ချက်ပါ လူစာရင်းကိုတွေ့ရစဉ်
ထို့နောက် ဗဟိုဘဏ်တစ်ခု အနေဖြင့် ပြည်သူ့ကိုယ်စား စီမံခန့်ခွဲရမည့် နိုင်ငံ၏ နိုင်ငံခြားသုံး သီးသန့်ငွေများ အား နစက (မူရင်း- စစ်ကောင်စီ)အတွက် နိုင်ငံခြား တိုင်းပြည်များမျ လေယာဉ်ဆီ အပါအဝင် လူအများအပြား သေ ကြေ ပျက်စီးနိုင်သည့် လက်နက်များ ဝယ်ယူရာတွင် အသုံးပြုခြင်း၊ ပြည်သူပိုင်ငွေကို တလွဲ အသုံးပြုခြင်းတို့ရှိ သည်ဟု ထုတ်ပြန်ခဲ့သည်။
အထက်ပါ လုပ်ရပ်များကို ကျူးလွန်ခြင်းကြောင့် ဗဟိုဘဏ် ဥက္ကဋ္ဌ နှင့် ဝန်ထမ်း ၄၄ ဦးကို အကြမ်းဖက် သမားများ အဖြစ် သတ်မှတ်ကြေညာ NUG က ထုတ်ပြန် ကြေညာသွားခဲ့သည်။
NUG ၏ ထုတ်ပြန်ချက်သည် လက်တွေ့မှာ အသုံးမဝင်နိုင်ကြောင်း၊ လက်တွေ့ လုပ်ပိုင်ခွင့် အာဏာသည် NUG ထံမှာ မရှိဘဲဖြစ်နေကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြား ထောက်ပြနေကြသည်။